လှည်းကူမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒမပြရန် ဆွေးနွေးမှု မှတ်တမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒမပြရန် ဆွေးနွေးမှု မှတ်တမ်း










လှည်းကူးမြို့နယ်တွင်းက အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော် ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဆရာဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့က မဟန ဆရာတော်ကြီးများထံ ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရေးအမှုတွဲ သုံးခုတင်ပြထားပါတယ်။ ထိုသို့ တင်ပြထားစဉ်မှာ အရိယာမဏ္ဍိုင် တောရရိပ်သာ ဆရာတော်က  သူ့ကို မဟနဆရာတော်ကြီးတွေ လာစစ်ဆေးရင် လမ်းစရိတ်ပေးမယ်၊ တထိုင်တည်း သောတာပန်ဖြစ်အောင် ဟောမယ်လို့ ပြောဆိုခဲ့ပါတယ်။ (ရုပ်သံမှတ်တမ်းရှိ)

ထိုသို့ ဖြစ်ပေါ်လာခြင်းကြောင့် ဆရာဦးအောင်မြိုင် မှ ဆရာတော်ကြီးများ အဆုံးအဖြတ်ပေးနိုင်ရေး တင်ပြထားသည်များ၊ ဦးသူရိယ ၏ ဟောပြောမှုများသည် နိုင်ငံတော်က တရားဝင် အဓမ္မဝါဒအဖြစ် ကြေညာထားသော ကျောက်သင်္ဘောဝါဒ ကို ပြန်လည်ဟောပြောနေခြင်းဖြစ်ကြောင်း ဟောပြောမှုမှတ်တမ်း၊ ၁၉၈၁ ခုနှစ် မဟနဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်မှတ်တမ်းများကိုလည်း ပူးတွဲတင်ပြမှုများ လုပ်ဆောင်ခဲ့ပါတယ်။

ထိုသို့ လူမှုကွန်ရက်ပေါ်တွင် တင်ပြခြင်းကို အကြောင်းပြု၍ ဦးသူရိယ၏ တပည့်တစ်ဦးက တရားလိုပြုလုပ်၍ လှည်းကူးမြို့နယ်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပါသည်။

ထိုသို့ တရားစွဲဆိုသည်ကို လှည်းကူးမြို့နယ်ရဲစခန်း က လက်ခံ၍ ဥပဒေအကြံတောင်းတင်ခြင်း၊ တရားရုံးစွဲတင်ခြင်းကြောင့် တရားရုံးတွင် ရင်ဆိုင်နေရသည့် အဆင့်သို့ ရောက်ခဲ့ပါပြီ။

ထိုသို့သော တရားတဘောင် ရင်ဆိုင်နေရသည့် အခြေအနေကို မဟနဆရာတော်ကြီးများထံ ဆရာဦးအောင်မြိုင် က တင်ပြခဲ့ခြင်းကြောင့် မဟန ဥက္ကဋ္ဌ ဆရာတော်ကြီး က ဓမ္မ/ အဓမ္မ မဆုံဖြတ်ရသေးမီ အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းအား ဆိုင်းငံ့ထားရန် (သို့မဟုတ်) ပလပ်ရန် ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများထံ မေတ္တာရပ်ခံလွှာပေးပို့ထာပါသည်။

သို့သော်လည်း လှည်းကူးမြို့နယ်တရားရုံးတွင် အမှုကို ဆက်လက်ဆောင်ရွက်နေခြင်းအပေါ် မဟနဥက္ကဋ္ဌကြီး၏ မေတ္တာရပ်ခံချက်ကို မျက်ကွယ်ပြု၍ ဆောင်ရွက်နေခြင်းလော့၊ ဦးအောင်မြိုင်တို့အပေါ် ပုဂ္ဂိုလ်ရေး ထိုးနှက်လို၍ အမှုကို ဆက်လက်ဆောင်ရက်နေခြင်းလော့ သို့လော သို့လော တွေးဆစရာဖြစ်လာပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဆရာတော်များ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယနေ့ (၂၃-၁၀-၂၀၂၄) ရက်နေ့တွင် လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ဦးနေထက်ပိုင် က ငြိမ်းစုစီ ဦးဆောင်တင်ပြပြီး ဆန္ဒပြတောင်းဆိုရန် စီစဉ်ခဲ့ကြပါသည်။ ဦးနေထက်ပိုင် က ဦးဆောင်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ အတွင်းရေးမှူးဆရာတော် ဦးသုစိတ္တ၊ ဗဟိုအလုပ်အမှုဆောင် ဆရာတော် ဦးပညာဝံသ၊ မြန်မာ့အမျိုးသားရေးကွန်ရက် မှ စာရေးသူ နောင်တော်လေး၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မပုတု တို့ ပါဝင် ဟောပြောရန် စီစဉ်ခဲ့ကြပါသည်။

ထိုသို့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမည့် အစီအစဉ် တင်ပြထားခြင်းအပေါ် လှည်းကူးမြို့မှ ရဲစခန်းမှ ယနေ့ နံနက်(၉ ၀၀) နာရီ လှည်းကူးထွေအုပ်ရုံးသို့ လာရောက်တွေ့ဆုံရန် ဦးဆောင်တင်ပြထားသူ ဦးနေထက်ပိုင်အား စာဖြင့် ဆင့်ခေါ်သဖြင့် ဆရာတော်များနှင့်အတူ သွားရောက်ခဲ့ကြပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မစဖ ဥက္ကဋ္ဌ က ရှေးဦးမစွ ငြိမ်းစုစီတင်ထားခြင်းအပေါ် ခွင့်ပြုပေးနိုင်ခြင်း မရှိကြောင်း အချက်(၄)ချက်ဖြင့် ပြောပါသည်။

ဦးနေထက်ပိုင် နှင့်အတူ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ နေပြည်တော် ရှေးဟောင်းကျောင်းတော်ကြီး ဆရာတော် ဦးပညာ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဆရာတော် အရှင်ဉာဏဓမ္မ၊ အတွင်းရေးမှူးဆရာတော် ဦးသုစိတ္တ၊ ဗဟိုအလုပ်အမှုဆောင် ဆရာတော် ဦးပညာဝံသ၊ စာရေးသူ နောင်တော်လေး၊ မပုတု၊ နေပြည်တော်အမျိုးသားရေးအဖွဲ့ မှ ကိုထွန်းထွန်းဝင်း၊ မြန်မာ့အမျိုးသားရေးကွန်ရက် မှ ကိုစည်သူမြင့်တို့ ပါဝင်ကြပါသည်။

မစဖ ဥက္ကဋ္ဌ က ခွင့်ပြုနိုင်ခြင်းမရှိကြောင်း ပြောကြားချက်အပေါ် ငြိမ်းစုစီတင်ပြရခြင်းအကြောင်း ကို ဆန္ဒပြရန်သည့် ဖြစ်လာသည့်အခြေအနေကို ဆရာတော် ဦးပါမောက္ခမှ စ၍ ပြန်လည်မိန့်ကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ရောက်ရှိလာပြီး ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ အပြန်အလှန် အခြေအတင် ပြောဆို ဆွေးနွေးကြပါသည်။ (စာလေးမည်စိုးသဖြင့် ချန်ခဲ့ပါမည်။)

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ရောက်ရှိလာပြီး ဦးဆောင်ဆွေးနွေးပါသည်။ အပြန်အလှန် ဆွေးနွေးကြပြီး မလိုလားအပ်သော ပယောဂများ ဖြစ်ပေါ်လာမည်ကို တစ်ကြောင်း၊ ဆရာတော်များ၏ တောင်းဆိုချက်ကို အကြီးအကဲများထံ အချိန်နှင့်တပြေးညီ တင်ပြပေးပါမည် ဟု လျှောက်ထားပြီး သက်ဆိုင်ရာ ထွေအုပ်၊ ရဲတပ်ဖွဲ့တို့မှလည်း အဆင့်ဆင့်တင်ပြပေးမည်ဖြစ်ကြောင်း လျှောက်ထားပြီး နိဂုံးချုပ် သြဝါဒအနေဖြင့် ဆရာတော် ဦးပါမောက္ခ က "အရပ်ဘက်တရားရုံးတွင် စွဲဆိုထားသော အမှုအား မဟန ဆရာတော်ကြီးများ က ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်၊ မဟန ဥက္ကဋ္ဌဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်ကို အလေးထား ဆောင်ရွက်ပေးရန်" မိန့်ကြားပြီး ယနေ့ ၂၃-၁၀-၂၀၂၄ ရက်နေ့ ဆန္ဒပြမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ပါသည်။

သုံးသပ်ချက် -

ဤအမှုနှင့် ပတ်သက်၍ အရိယာမဏ္ဍိုင်ဆရာတော် ၏ ဟောပြောမှုများသည် နိုင်ငံတော်က တရားဝင်တားမြစ်ထားသော ကျောက်သင်္ဘောဝါဒ ကို ပြန်လည်ဟောပြောနေခြင်း ဖြစ်ပါက သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ သာသနာရေးဦးစီးဌာန က တရားလိုပြုလုပ်၍ အဓမ္မဝါဒ ပြန်လည်ဟောပြောသူ ကို တရားစွဲဆိုပေးရမည် ဖြစ်ပါသည်။ မဟန ဥက္ကဋ္ဌ ဆရာတော်ကြီး က သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများထံ မေတ္တာရပ်ခံလွှာများ ပေးပို့ထားသော်လည်း ရဲစခန်းနှင့် ဥပဒေရုံး က ၎င်းတို့ထံသို့ ဆရာတော်ကြီး၏ မေတ္တာရပ်ခံလွှာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ညွှန်ကြားခြင်းမရှိခြင်းကြောင့် ဆက်လက်ဆောင်ရွက်နေရခြင်း ဖြစ်သည် ဟု ဆရာတော်များအား လျှောက်ထားခြင်း ကို ထောက်ရှု၍ ဝန်ကြီးဌာန အကြီးအကဲများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများက လမ်းညွှန်ခြင်း မရှိ၍လား၊ လမ်းညွှန်ချက်များ ကို ကြန့်ကြာအောင် လုပ်ဆောင်လုပ်ထားခြင်းလား ဟု တွေးဆရန် ရှိသည်။

ဦးအောင်မြိုင် ဆောင်ရွက်နေသော အလုပ်သည်လည်း သူ၏ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင် ပြည်သူများကို ဘုရားဟော တရားတော်များနှင့် မလျော်ညီသော ဟောပြောမှုများ လုပ်ဆောင်နေခြင်းကြောင့် ဦးသူရိယ၏ ဟောပြောမှုမှတ်တမ်းများ၊ နိုင်ငံတော်က ဗုဒ္ဓ၏ တရားတော်များအဖြစ် ဆဋ္ဌသံဃာယနာတင်၍ အတည်ပြုထားသော တရားတော်များနှင့် နှိုင်းချိန်တင်ပြခြင်းဖြစ်ပါသည်။ ကျောက်သင်္ဘောဝါဒ ကို ပြန်လည်ဟောပြောနေမှုနှင့် ပတ်သက်၍လည်း ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များနှင့် ဦးသူရိယ၏ ဟောပြောချက်များကို ယှဉ်တွဲ ထောက်ထားတင်ပြထားခြင်း ဖြစ်ပါသည်။ မဟနဆရာတော်ကြီးများက အရိယာမဏ္ဍိုင်တောရရိပ်သာ ဆရာတော် ဦးသူရိယထံမှ သောဓနာလွှာ တောင်းခံထားသည်ကို သောဓနာလွှာ ပြန်လည်တင်ပြ၍ ဖြေရှင်းခြင်းအားဖြင့် ဓမ္မ/ အဓမ္မ အဖြေပေး ဆုံးဖြတ်နိုင်ပါသည်။

ယခုယူ ဦးသူရိယ က သာသနာရေးဆိုင်ရာကိစ္စကို သံဃာဦးဆောင်ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို မခံယူ၊ သောဓနာလွှာတောင်းခံသည်ကို တင်ပြခြင်းမရှိဘဲ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့အား အရပ်ဘက်တရားရုံးမှ လက်ဦးမှုရယူ တရားစွဲဆိုခြင်းကြောင့် မဖြစ်ပေါ်သင့်သော ပြဿနာများ ပေါ်ပေါက်လာရခြင်း ဖြစ်သည့် အပေါ် နိုင်ငံတော်အကြီးများအနေဖြင့် အလေးထား စဉ်းစားဆောင်ရွက် ပေးနိုင်ပါရန် အကျဉ်းချုပ် တင်ပြရခြင်း ဖြစ်ပါသည်။

ဆရာဦးအောင်မြိုင်အနေဖြင့်လည်း ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရေး တင်ပြခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရပါသည်။


(မဟန ဥက္ကဋ္ဌ ဆရာတော်ကြီး၏ မေတ္တာရပ်ခံလွှာကို ထည့်သွင်းဖော်ပြထားပါသည်။)


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)