မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား၏ (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲနှင့် ရေစက်ချပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား၏ (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲနှင့် ရေစက်ချပွဲ ကျင်းပ




အောင်မြေသာစံ ၊  အောက်တိုဘာ ၁၉


ရတနာပုံမန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝ ရှင်မင်းတုန်းမင်းတရားကြီး တည်ထားတော်မူသည့် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာတော်အပါး (၂၇ဝဝ) ပါးတို့အား သံဃာ့ဒါနဆွမ်းသပိတ်လောင်းလှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည်ကျော် (၂) ရက် နံနက် ၇ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ နန်တော်ရှေ့၊ မန္တလေးတောင်ခြေရှိ အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။


အဆိုပါဆွမ်းကြီးလောင်းပွဲသို့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော ပင့်သံဃာတော်အပါး ၂၇၀၀ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုသိုလ်‌တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးတင်သန်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးတောင်ဂေါပကအဖွဲ့၊ နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာ မုနိဘုရားဂေါပကအဖွဲ့၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့နှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။


အစီအစဉ်အရ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆွမ်းသပိတ်အလှူရှင်များက ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူကြသည်။


ဆက်လက်၍ ရေစက်ချမင်္ဂလာကို ပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ မန္တလေးကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသဝထံမှ ငါးပါးသီလခံယူ၍ ဆရာတော်အရှင်သူမြတ်တို့ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ထို့နောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဩဝါဒစရိယဆရာတော် မန္တလေးကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေသဝထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အောင်စံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)