နေပြည်တော်၊ အောက်တိုဘာ ၉
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင် တိုက်သစ်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို လျှောက်ထားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကျောင်းတိုက်ဓမ္မာရုံ၌ ရာဂီမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကြပြီး ရေဘေးသင့်ပြည်သူများထံ သန်းခေါင်စာရင်းအင်္ကျီ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာများဖြင့် စိစစ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ရေဘေးသင့် ပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့် မေးခွန်းများမေးမြန်း ကောက်ယူနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ရေဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများအား ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား ဥပဒေနှင့်အညီ ပြန်လည်စိစစ် ထုတ်ပေးခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်း၍ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment