ပျဉ်းမနား၊ အောက်တိုဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ၏ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသည့် ယာဉ်လိုင်းများအား လူမှုရေးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်တော်ယာဉ်အသင်းအသီးသီးမှ ယာဉ်ပိုင်ရှင်/ယာဉ်လိုင်းပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦစွာ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးက နေပြည်တော်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) အနေဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဘောဂသီရိ အဝေးပြေးကားဝင်းအတွင်း ရေနစ်မြုပ်ခဲ့သည့်အတွက် ကားဂိတ်များတွင်ရှိသည့် ဂိတ်ဝန်ထမ်း/ယာဉ်ဝန်ထမ်းများကို အစားအသောက်နဲ့ သောက်ရေသန့်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ယာဉ်လိုင်းများအနေဖြင့်လည်း ခရီးစဉ်ပြေးဆွဲမှုများ ပုံမှန်နီးပါး ပြန်လည်ပြေးဆွဲနေတာကို တွေ့ရှိရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံအနှံ့အပြားမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေရတာကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားလမ်းညွှန်ခဲ့သလို ပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေးအတွက် ယာဉ်လိုင်းများ အနေဖြင့် ကြိုစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာဉ်လိုင်းအသီးသီးနှင့် နေပြည်တော်မထသ(အဝေးပြေး)တို့ စုပေါင်း၍ အလှူငွေကျပ် သိန်း ၃၀ ကို လှူဒါန်းသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးက နေပြည်တော်မထသ(အဝေးပြေး)ကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများမှ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃၀ အားလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၁၁ ရက်နေ့တွင် တိုင်းဖွန်းမုန်တိုင်း ရာဂီကြောင့် နေပြည်တော်၊ ဘောဂသီရိကားဝင်းအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ယာဉ်လိုင်းဂိတ်များအား လူမှုရေးထောက်ပံ့ငွေများ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ကြပြီး လူမှုရေးထောက်ပံ့ငွေ လက်ခံရရှိသည် ယာဉ်လိုင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ကားဂိတ်ခန်းနှင့် ယာဉ်အသင်းပူးတွဲအပိုင် ၂၇ အသင်းအတွက် ၁၃,၅၀၀,၀၀၀ သိန်း၊ နေ့စဉ်ယာဉ်စီးရေ ၅ စီးနှင့်အထက် ၁၂ သင်းအတွက် ၄,၂၀၀,၀၀၀ သိန်း၊ နေ့စဉ်ယာဉ်စီးရေ ၄ စီးနှင့်အောက် ၅၀ သင်းအတွက် ၁၀,၀၀၀,၀၀၀ သိန်း၊ ယာဉ်အသင်းစုစုပေါင်း ၈၉ သင်း ၂၇,၇၀၀,၀၀၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment