ပွင့်ဖြူ ၊ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ တစ်ဧကလျှင် နေကြာသီးနှံ ၁၉ ဒဿမ ၃၂ တင်းခန့်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ်အကုန်အကျသက်သာပြီး သီးနှံဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာသီးနှံစိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ နေကြာသီးနှံစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် မိုးနေကြာသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း၍ ယခင်နှစ်ကထက် အထွက်နှုန်းများ ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံစေဖို့နဲ့ ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး နေကြာသီးနှံ ၉၃၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၀၄၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေကြာသီးနှံစိုက်ပျိုးရေဟာ စိုက်ပျိုးစရိတ် အကုန်အကျလည်းသက်သာပြီး ဈေးကွက်လဲ ကောင်းမွန်တာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ နေကြာသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူတွေကို အဆင်ပြေစွာ စိုက်ပျိုးနိုင်ဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ နေကြာမျိုးကောင်းမျိုးသန့်များ ဝယ်ယူစိုက်ပျိုးနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး စိုက်ပျိုးရေးနည်းပညာများနဲ့ သွင်းအားစုပစ္စည်းများ အချိုးကျ မှန်ကန်စွာ သုံးစွဲနည်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ ယခုဆိုရင် မိုးဦးမိုးနဲ့ ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ နေကြာသီးနှံစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ဖို့အတွက် စတင်သိမ်းဆည်းနေကြပြီဖြစ်ပါတယ်။ နေကြာသီးနှံအထွက်နှုန်းဟာ တစ်ဧကကို ၁၉ ဒသမ ၃၂ တင်းခန့်ထွက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရန် ရည်ရွယ်၍ နေကြာသီးနှံစိုက်ဧက ၉၃၀ ဧက၊ မြေပဲ ၁၆၆၁ ဧက၊ နှမ်း ၁၃၃၉၅ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု မြေသီးနှံ ၃၆၁၉ ဧက၊ နှမ်း ၂၄၇၂၀ ဧက၊ နေကြာ ၁၀၄၆ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )
https://t.me/MyanmarNationalPost
No comments:
Post a Comment