စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်





ကလေး ၊  အောက်တိုဘာ   ၂၂


ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာ/ ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ နီလာခန်းမတွင် ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီးနောက် စာပဒေသာဝေဆာစေမည်  Video Clip ကို ပြသခဲ့သည် ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် ဒီနေ့ကလေးခရိုင်၊ ကလေးမြို့မှာကျင်းပတဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၆)ကြိမ်မြောက်ကျင်းပတဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်ကို  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ကျေးလက်နေပြည်သူများ စာဖတ်ရှုနိုင်သည့် အခွင့်အလမ်းများ ရရှိရေးအတွက်ရှိပြီးသား စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်အသစ်ထပ်မံလိုအပ်လျက်ရှိတဲ့ ရပ်ကွက်/ကျေးရွာများတွင် စာကြည့်တိုက်များ အသစ်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း  လစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် "စာကြည်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက" ဆိုသလို ကျောင်းသားလူငယ်များ ငယ်ရွယ်နုနယ်စဉ်အခါကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကြဖို့လိုအပ်သလို ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိရေးအတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့လဲ လိုအပ်လှပါတယ်ဟု ပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(၉)ကျောင်းအား သုတရသစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်းကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကလေးတက္ကသိုလ်မှကျောင်းသား/ သူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/ သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသောစာအုပ်/ စာစောင်များ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓါတ်ပုံများ၊ လူမှုဝန်ထမ်းဦးစီးဌာနက ပြသထားသောပြခန်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပြသထားသော သိပ္ပံပြခန်းများနှင့် စာဖတ်ဝိုင်းအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ ပြခန်းများတွင် ခင်းကျင်းပြသထားသော ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့တို့မှ ပြခန်းများနှင့် ကလေးတက္ကသိုလ်စာကြည့်တိုက်နှင့်သိပ္ပံပြခန်း၊ ကလေးစာဖတ်ခန်းအတွင်း ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများ ကျင်းပနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)