ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်

 



ပွင့်ဖြူ ၊ အောက်တိုဘာ ၂၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၉၉ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ မိုးစပါးသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် ဒေသတွင်းရှိ တောင်သူများအား စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်း ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး မိုးစပါးသီးနှံ အထွက်တိုးရေး လုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆာဖိုးသာ၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်းသိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။


“ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် မဲဇလီ ရေလွှဲဆည်ရေနဲ့ အားထားစိုက်ပျိုးတဲ့ မိုးစပါးစိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိတဲ့အတွက် အောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက မိုးစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ပေါင်းနုတ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေဖို့ ပိုးသတ်ဆေးဖျန်းခြင်း၊ မြေဩဇာကျေးရွာခြင်း စတဲ့ မိုးစပါး အထွက်တိုးရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြတယ်။ ဒါ့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူတွေကို အနီးကပ်ကြီးကြပ်ပြီးတော့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီပေးပါတယ်။ ကျွန်တော်တို့ဒေသဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးလယ်မြေတွေကလဲ ကောင်းတာဖြစ်လို့ စိုက်ပျိုးရေး လုပ်ငန်းက နှစ်စဉ် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာလည်း မိုးစပါးသီးနှံကို အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်”ဟု ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးကပြောသည်။


ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်၍ နှစ်စဉ်ဆန်စပါးသီးနှံ အများဆုံး စိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၆၉၉၉၉ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ် လျာထားဧက ပြည့်မီကျော်လွန်စိုက်ပျိုး နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)