နေပြည်တော်၊ အောက်တိုဘာ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့က တောင်ကြီးတက္ကသိုလ်သို့ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ်စာမေးပွဲများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပထမဦးဆုံး KG + 12 စနစ်သစ်သင်ရိုးဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်၍ တက္ကသိုလ်သို့ ပထမနှစ်ရောက်ရှိလာမည့် ကျောင်းသား ကျောင်းသူများကို ယခုထက်ပို၍ ထူးချွန်ထက်မြက်အောင်၊ နိုင်ငံတော်က အားကိုးအားထားပြုရမည့်သူ၊ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချရန်လိုကြောင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်ကြားရေးအတွက် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံး ပစ္စည်းများ လိုအပ်ချက်များရှိပါက စာရင်းများ ပြုစု၍ ကြိုတင်တင်ပြပေးကြရန် လိုကြောင်း ပြောကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တောင်ကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၆) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းတို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ သင်တန်းတက်ရောက် လျက်ရှိသော အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် အဆင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ညောင်ရွှေမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၊ ရွှေညောင်မြို့ မြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment