ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်




ဘားအံ ၊ အောက်တိုဘာ ၂၃


ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ ပထမအကြိမ်ရေကြီးရေလျှံမှုတွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်ကြီးမြို့နယ်များရှိ စုစုပေါင်းထိခိုက်ပျက်စီး နေအိမ်(၃၆)လုံးအတွက် နေအိမ်တစ်လုံးလျှင် ၂ ဒဿမ ၃၅ ကျပ်သန်းနှုန်းဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရေဘေးကယ်ဆယ်ရေးအလှူငွေမှလည်းကောင်း၊ ဒုတိယအကြိမ်ရာဂီမုန်တိုင်းအရှိန်ကြောင့် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်ကြီးမြို့နယ်တို့မှ စုစုပေါင်းထိခိုက်ပျက်စီးနေအိမ် ၂၆ လုံး အတွက် နေအိမ်တစ်လုံးလျှင် ၂ ဒဿမ ၃၅ ကျပ် သန်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေမှလည်းကောင်း၊ စုစုပေါင်း ထိခိုက်ပျက်စီးနေအိမ်(၆၂)လုံးအတွက် ငွေကျပ် ၁၄၅ ဒဿမ ၇ သန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးသူများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသူများအား စနစ်တကျအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။


အလားတူ လူသားတို့၏နေ့စဉ်ဘဝတွင် တစ်ဦးနှင့်တစ်ဦးဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ မိုဘိုင်းဖုန်း၏အင်တာနက်ကွန်နက်ရှင်ကိုအသုံးပြု၍ ပညာလေ့လာဆည်းပူးခြင်းနှင့် Digital နည်းပညာဖြင့် အလုပ် လုပ်ကိုင်ရာတွင်လည်းကောင်း မရှိမဖြစ်လိုအပ်သည့် ခေတ်ရေစီးကြောင်းနှင့်လျော်ညီသော အဆင့်မြင့်မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး  ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။


ယနေ့ သင်တန်းဆင်းပွဲတွင် အခြေခံမိုဘိုင်းဖုန်းပြုပြင်ခြင်း တစ်လသင်တန်းကို သင်ယူပြီးမြောက်သော သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးက အဆင့်မြင့်သင်တန်းအနေဖြင့် ကျွမ်းကျင်ပညာရှင်များ၏ ၄၅ ရက်ကြာ စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ထပ်မံသင်ယူပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လက်တွေ့သင်ခန်းစာလေ့ကျင့်နေမှုများအား ကြည့်ရှုအာပေးခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)