ပွင့်လင်းခရီးသွားရာသီတွင် ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်း လေ့လာနိုင်သည့် ရွှေဂူကြီးစေတီတော်ကြီးသို့ ဘုရားဖူးပြည်သူများ လာရောက်လေ့လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်လင်းခရီးသွားရာသီတွင် ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်း လေ့လာနိုင်သည့် ရွှေဂူကြီးစေတီတော်ကြီးသို့ ဘုရားဖူးပြည်သူများ လာရောက်လေ့လာနိုင်








ကျောက်ဆည်၊ အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အနော်ရထာမင်းကြီးလက်ထက်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ဘုရား၊ ပုထိုးစေတီများကို နေရာအနှံအပြားတွင် တည်ဆောက်ခဲ့ပြီး သာသနာတော်တည်တံ့ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပွင့်လင်းခရီးသွားရာသီတွင် ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိသည့် ရွှေဂူကြီး စေတီတော်ကြီးသို့ ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

ရွှေဂူကြီးစေတီတော်ကြီးသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့ချင်းဆက် ကားလမ်းမကြီးဘေး ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ဇောက် ကျေးရွာအနီးတွင် တည်ရှိပြီး  ပထမမြန်မာနိုင်ငံတော်ကြီး စတင်တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓဘာသာသာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာသည် ပုဂံနိုင်ငံတော်ကြီး၏ စပါးကျီဒေသဖြစ်သော စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်နှင့် ဒုဌဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် ပင်လယ်၊ ပြည်မနား၊ မြစ်သာ၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပြက်သာ၊ ခံလူး စသည့် လယ်တွင်း (၁၁)ခရိုင် ခံမြို့များ အခိုင်အမာတည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ခံမြို့များသည် မြစ်သားမြို့နယ်တွင် (၃)မြို့၊ ကျောက်ဆည် မြို့နယ်တွင်(၅)မြို့၊ စဉ့်ကိုင်မြို့နယ်တွင်(၃)မြို့ ပါဝင်လျက်ရှိကြောင်း သိရှိရပြီး တမုတ်ခံမြို့ဟောင်းမြို့သည် ပန်းလောင်မြစ်၏အရှေ့ဘက်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ဇောက်ကျေးရွာအနီးတွင် တည်ရှိခဲ့ပြီး အကျယ်အဝန်း (၂၅) ဧက မြင်းခွာပုံသဏ္ဍာရှိသော အုတ်မြို့ရိုးနှင့် တည်ဆောက်ထားကြောင်း၊ တမုတ်ရွှေဂူကြီး စေတီတော်မြတ်ကြီးသည် အဆိုပါ တမုတ်မြို့ဟောင်းကုန်း၏ အတွင်းဘက် အရှေ့တောင်ထောင့်တွင် တည်ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

တစ်မုတ်ရှင်ပင်ရွှေဂူကြီးစေတီတောင်ကြီးသည် ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုးတစ်လျောက် အနော်ရထာမင်းကြီးတည်ထားပူဇော်ခဲ့သော ဂူကြီး (၉) လုံးအနက် တစ်လုံးဖြစ်ခဲ့ပြီး ပုဂံခေတ်နှောင်းပိုင်း (၁၂ ရာစုအနှောင်းပိုင်း) တွင် မြစ်တော် နရပတိစည်သူမင်းကြီးမှ မူလစေတီတော်ပုံ အထွဋ်တင်တစ်ထပ်ဂူဘုရားငယ်အား ကွမ်းတောင်ပေါက်နှစ်ထပ်ဂူဘုရားအဖြစ် ပြောင်းလဲပြုပြင်လိုက်သည့် အပြင်/ အတွင်းရှိ  ဆင်းတုတော်အကြီးအငယ်များ၊ အပြင်မှ အလွန်အနုစိတ်လှသော ကနုတ်ပန်းများ၊ တိရိစ္ဆာန်ပုံမျိုးစုံ၊ ကျေးငှက်ရုပ်မျိုးစုံ၊ လူ၊ နတ်၊ ဗြဟ္ဗာ၊ ကိန္နရာပေါင်းစုံတို့၏ အရုပ်များဖြင့် ပြန်လည်အလှဆင်ခဲ့ကြောင်း၊ ပင်းယခေတ် သက္ကရာဇ် ၆၈၄ ခု၊ ဉစ္စာနာမင်းကြီးလက်ထက်တော်တွင် စေတီတော်၊ သိမ်တော်၊ ဆင်းတုတော်များအား ထပ်မံလွှမ်းငုံ၍ စေတီတော်အသစ် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းသုတေသီး မောင်ဝင်းမောင် (တမ္ပဝတီ) ရေးသားပြုစုထားသည့် တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော် သမိုင်းအကျဉ်းစာအုပ်တွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ယခုအခါ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီးအား ပြန်လည်ပြုပြင်မွန်မံထားမှုကြောင့် ဒုတိယလှိုင်ဂူ ဂန္ဓကုဋိတိုက်အတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် ဦးခေါင်းတော် (၂)ပေ(၆)လက်မ၊ ဉာဏ်တာ် (၁၀) ပေခန့်ရှိ အလွန်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းသော အင်္ဂတေရုပ်ပွားတော်ကြီးနှင့် အနော်ရထားမင်းကြီး တည်ထားပူဇော်ခဲ့သော ရှေးဟောင်းအနုပညာလက်ရာများဖြစ်သည့် ပန်းဆွဲဘီလူးများ၊ နံရံအင်္ဂတေပန်းတော့ ရုပ်ကြွများ၊ စေတီတော်လေးဘက်မျက်နှာရှိ မုတ်ဦးတံကဲ ကနုတ်ပန်း ဒီဇိုင်းများ၊ ခြင်္သေ့ကိုယ်နှစ်ခွ မြင်းခေါင်းပုံနှင့် လူခန္ဓာ(အဿမုခိ)ပုံ၊ ဆင်ဦးခေါင်းနှင့် ငှက်ကိုယ်(ဆင်ငှက်)၊ ဗျိုင်းနှစ်ကောင် လည်လိမ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါး၊ စသည့်ပုံများနှင့် အထက်ပစ္စယံအဆင့်ဆင့်၏ မှန်ကွက်များတွင် အင်္ဂတေများဖြင့် ဇာတ်တော်နိပါတ်စဉ်များနှင့် ဇာတ်တော်အမည်ရေးထိုးထားသော ငါးရာငါးဆယ် သရုပ်ဖော်ဖောင်းကြွရုပ်ပုံများ၊ မုတ်ဦးအတွင်း ဉာဏ်တော် (၁၀) ပေရှိ ရုပ်ပွားတော် စသည့် ဆန်းကြယ်သည့် (၁၂) ရာစုခေတ် ပန်းတော့လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းများနှင့် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်မြတ်ကြီးအား ဖူးတွေ့ရမှာဖြစ်ကြောင်းနှင့် ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစု အတွင်း အနုပညာလက်ရာများ (ရှေးမူလလက်ရာအတိုင်း) တစ်နေရာတည်း အပြည့်အစုံဆုံး စုဝေးတည်ရှိရာ မြန်မာနိုင်ငံ၏ တစ်ဆူတည်းသော မြန်မာ့ဂုဏ်ဆောင် စေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် ပွင်းလင်းခရီးသွားရာသီတွင် လာရောက်လေ့လာ ကြည်ညိုသဒ္ဒါပွားများနိုင်ကြောင်း ရေးသားလိုက်ရပါသည်။


သက်မောင်(ကျောက်ဆည်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)