ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ တောင်းခံသည့် အသုံးစရိတ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ တောင်းခံသည့် အသုံးစရိတ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြု







စစ်တွေ၊ အောက်တိုဘာ ၂၉

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျခံသုံးစွဲခွင့်ပြုရန် တင်ပြလာသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဩဂုတ်လအတွင်းမှာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ထိုအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နယ်မြေဒေသအခြေအနေအရ ဆောင်ရွက်နိုင်မှုမရှိသည့် လုပ်ငန်းများကို ပြန်လည်အပ်နှံဆောင်ရွက်စေပြီး မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကိုသာ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ပြန်လည်တောင်းခံနိုင်ရေး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ အထွေထွေပိုလျှံရန်ပုံငွေ(GRF) သို့အပ်နှံပြီး ပြန်လည်ထုတ်ယူသုံးစွဲသည့်ကိစ္စရပ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသော်လည်း ၎င်းကိုအခွင့်အရေးတစ်ရပ်အနေဖြင့် သုံးစွဲခြင်းမဖြစ်စေရေး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အကြောင်းကြားထားကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ပြန်လည်သုံးစွဲခွင့် တင်ပြလာသောကိစ္စရပ်များတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာပြည်နယ်စက်ပစ္စည်းများ ကြီးကြပ်စစ်ဆေးထိန်းသိမ်းရေးကော်မတီ၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီနှင့် ဌာနများကစိစစ်ပြီး သဘောထားမှတ်ချက်များနှင့်အတူ တင်ပြလာသူကို စိစစ်တွေ့ရှိရကြောင်း၊ သို့သော်လည်း မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို (GRF)မှ ပြန်လည်သုံးစွဲခွင့် တင်ပြတောင်းခံထားသည့်ဌာနများက ယခုအစည်းအဝေးတွင် ရှင်းလင်းတင်ပြပေးကြစေလိုကြောင်းနှင့် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ယခုအစည်းအဝေးတွင် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျခံသုံးစွဲခွင့်ပြုရန် တင်ပြထားသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ) ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လမ်းဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ တင်ပြတောင်းခံထားရှိသည့် လုပ်ငန်းများအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် အဆိုပါအစည်းအဝေးခန်းမ၌ကျင်းပသော (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အနေဖြင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆု၊ ငွေတံဆိပ်နှစ်ဆု၊ ကြေးတံဆိပ် (၁၁) ဆု၊ ဂုဏ်ပြုဆု(၁)ဆု စုစုပေါင်း ဆုတံဆိပ် (၁၆)ခု ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်များကို ကျင်းပနိုင်ခြင်းမရှိခဲ့တာကြောင့် ပြိုင်ပွဲအမျိုးအစား (၉)မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ အခက်အခဲအမျိုးမျိုးကြားက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်မက ကြိုးစားအားထုတ်ကာ ဆုတံဆိပ်များစွာကို ရယူနိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရက္ခပူရရခိုင်ရိုးရာတူရိယာတေးဂီတအဖွဲ့မှ ဖျော်ဖြေခဲ့မှုဗီဒီယိုမှတ်တမ်းနှင့် ပြိုင်ပွဲများတွင် ရခိုင်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုများအား ပြသခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့်ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိခဲ့သည့်ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်ထွန်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)