ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပမည်


ရန်ကုန်၊ အောက်တိုဘာ ၃၀

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားနှင့် သာမညဖလအခါတော်နေ့ အခမ်းအနားများကို သတ်မှတ်နေရာအသီးသီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တန်ဆောင်မုန်းလ အဖိတ်နေ့၊ ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၆ ၀၀ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက စေတီတော် ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းရှေ့စုရပ်မှ စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့်အောင်မြေတွင်  ရက်ကန်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းနောက် ၂၂၀၀ နာရီတွင် ရက်ကန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်၍ ဆုရရှိသည့် ရက်ကန်းစင်တော်များအလိုက် ဆုချီးမြှင့်ခြင်း၊ ရရှိလာသော ပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် ညတွင်းချင်းအပြီးချုပ်လုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့၊ ၁၅-၁၁-၂၀၂၄ ရက်နေ့ နံနက် ၀၄ ၀၀ နာရီတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများ၊ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်လျက် စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည် ပူဇော်၍ အာရုံခံမုခ်ဦးများအတွင်းရှိ ပွင့်တော်မူပြီးသော ဘုရားရှင်(၄)ဆူတို့၏ ရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်နှင့် သတ်မှတ်တန်ဆောင်းများအတွင်းရှိ ရုပ်ပွားတော် များအား မသိုးရွှေကြာသင်္ကန်းများ လှည့်လည်ပူဇော်ကပ်လှူသွားမည် ဖြစ်သည်။

နံနက် ၀၅ ၀၀ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ နံနက် ၀၅ ၃၀ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် နံနက် ၀၆၀၀ နာရီအချိန်တွင် ဆရာတော်ကြီးများထံမှ သာမညဖလအခါတော်နေ့ဆိုင်ရာ တရားတော်များနာကြား၍ ပြုခဲ့သောကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချအနုမောဒနာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း တို့လာရောက် ကုသိုလ်ပြုလှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်။

ထို့အပြင် တန်ဆောင်မုန်းလ အဖိတ်နေ့ ၁၄-၁၁-၂၀၂၄ နေ့တွင် ညအိပ်ကုသိုလ်ပြုမည့် ဘုရားဖူး ပြည်သူများအနေဖြင့် ရင်ပြင်တော်တောင်ဘက်ရှိ လုံခြုံ/မီးသတ်ဌာနရုံးခန်းနှင့် သတ်မှတ်တန်ဆောင်း များတွင် ညအိပ်ဧည့်စာရင်းတိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာကြပါရန်နှင့် လုံခြုံရေးအရစစ်ဆေးမှုများအား ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ယူကြပါရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ က မေတ္တာရပ်ခံထားသည်။

           

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)