ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ဘုန်းတော်ကြီးကျောင်း၊ ဈေး၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ဘုန်းတော်ကြီးကျောင်း၊ ဈေး၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

 



လွိုင်ကော် ၊  အောက်တိုဘာ  ၂၀


ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေများပြန်လည် ကျဆင်းခဲ့သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။


ယမန်နေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရေပြန်လည်ကျဆင်းသွားသည့် ရှမ်းစုရပ်ကွက်၊ လောပိတလမ်းမကြီးတစ်လျှောက်နှင့် ရွှေကျောင်းပရိယတ္တိစာသင်တိုက်၌ တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊  မီးသတ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်ပြည်သူများ စုပေါင်း၍ လမ်းမကြီးပေါ်ရှိ သဲနှုန်းများ ကင်းစင်ရေး၊ အမှိုက်များရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။ ထို့နောက်  ရပ်ကွက်နေပြည်သူများက မိမိတို့နေအိမ်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ အမှိုက်သိမ်းစနစ်အား ယခုထက်ပိုမိုကောင်းမွန်အောင်‌ ဆောင်ရွက်ပေးရေး၊ လမ်းမကြီးတစ်လျှောက် တယ်လီဖုန်းနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိအောင် ဆောင်ရွက်သွားရေး၊ ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများ ပြန်လည်ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


ဆက်လက်၍ ဘီလူးချောင်းတံတား(ရှမ်းပိုင်း) ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ဘီလူးချောင်းအတွင်း ရေပြန်လည်ကျဆင်းနေမှုအခြေများကို ကြည့်ရှုသည်။ ထို့နောက် သီရိမင်္ဂလာဈေးအတွင်း ရေများကျဆင်း၍ တင်ရှိနေသည့်သဲနုံးများအား ကင်းစင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ပြန်လည်ဆောင်ရွက်ပြီးသည့် ဈေးဆိုင်ခန်းများနေရာချထားပြီး ဈေးများပြန်လည်ရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဈေးရောင်းချသူများ၊ ဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ဈေးအတွင်း အဝင်အထွက်လမ်းများ စနစ်ကျဖြစ်ရေး၊ ဈေး၏ ဆိုင်ကယ်/ ယာဉ်ရပ်နားသည့်နေရာများ စနစ်တကျပြုပြင်ဆောင်ရွက်ရေးနှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု၊ စက်ယန္တရားများဖြင့် အားကစားကွင်းနှင့် ပတ်ဝန်းကျင်တို့တွင် ချုံနွယ်များရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တေဇ၊ သဇင်၊ ဒွေးမယ်နော်၊ ခရေ၊ ဇီဇဝါ စာသင်ဆောင်များအား ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သာယာလှပရေး ဆေးသုတ်သွားရန်၊ မုန့်ဈေးတန်းအား အဆင့်မီပြန်လည်တည်ဆောက်သွားရန်နှင့် ရေနစ်မြုပ်ပြီးသည့် ရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအား ကျန်းမာရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွင်း စာသင်ဆောင်၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် ရေကျဆင်းရန် ကျန်နေသည့်အဆောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။ ရေများအားလုံး ပြန်လည်ကျဆင်းပါက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် မိမိဒေသသို့ ပြန်လည်လာရောက်ပညာသင်ကြားမည့် ကျောင်းသားများအတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရန် မှာကြားခဲ့သည်။     


ဆက်လက်၍ မြို့နယ်အတွင်း အနိမ့်ပိုင်း နမ့်ကွတ်နှင့် ဒေါနိုးကူးရပ်ကွက်များ၏ ရေကျဆင်းရန် ကျန်ရှိသည့်‌နေရာများအား လှည့်လည်ကြည့်ရှုကာ ရေပြန်လည်ကျဆင်းနိုင်ရေး စီမံဆောင်ရွက်နိုင်မည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ အမြန်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ လွိုင်ကော်မြို့ပေါ်  ရပ်ကွက် (၁၂) ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျဆင်းပြီဖြစ်သဖြင့် အနိမ့်ပိုင်းရပ်ကွက်အချို့သာ ကျန်ရှိနေပြီး (၆၀) ရာခိုင်နှုန်း ရေကျဆင်းပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)