ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြောကြား










နေပြည်တော်၊ အောက်တိုဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများအား အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားမှု၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအလိုက် ဒေသဆိုင်ရာ အချက်အလက်များ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အတူတကွဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အခြားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္နိမရည်မှန်းချက်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏ အာဏာလွှဲပြောင်းပေးအပ်ရေးပင်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လည်းကြိုးပမ်းပြင်ဆင်လျက်ရှိပါကြောင်း၊ အဆိုပါရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည် အရေးကြီးမှု၊ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိသဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည် ဖြစ်သည့်အခြေအနေများ။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်းလာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ ထို့အပြင် အဆိုပါအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရန် လိုအပ်သည့်အခြေအနေများ၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရန် လိုအပ်သည့်အခြေအနေများ၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုအပ်သည့် အခြေအနေများ။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်မီဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပျက်စီးဆုံးရှုံးနိုင်သည့် သီးနှံများအတွက် အချိန်မီအစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များအပြင် အခြားလိုအပ်သည်များကိုလည်း စီမံဆောင်ရွက်ထားရန်လိုအပ်သည့် အခြေအနေများ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် ရလဒ်များသည် နိုင်ငံအတွက်အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရမည့် တာဝန်ရှိအဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံ၏ ပကတိအခြေအနေကိုရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရရှိသည့် အချက်အလက်များသည် ပြည်သူတစ်ဦးချင်းမှစ၍ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများမှလည်း ယခုထက်ပိုမိုပါဝင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မှုအခြေအနေနှင့် သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနဖြင့် တာဝန်ယူကောက်ခံနေကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက သတ်မှတ်ကောက်ကွက်များအလိုက် အတတ်နိုင်ဆုံးပြည့်မီအောင် ကြိုးပမ်းကောက်ယူသွားကြရန်နှင့်စာရင်းကောက်ယူရာတွင် လိုအပ်သည့်အခြေခံအချက်အလက်များကို ပြည်သူများက ပြည့်စုံမှန်ကန်စွာ ဖြေကြားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် အသိပညာ၊ ဗဟုသုတများမျှဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားပြီး အခြားလိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်သန်းထိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအားသွားရောက်ကြည့်ရှု ဂုဏ်ပြုအားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများ၊ ရောဂါကုသပျောက်ကင်းသက်သာမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းကာ အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် မိသားစုဝင်များအား သီးခြားစီသွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)