ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ရပ်ကွက်များ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ရပ်ကွက်များ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး




လွိုင်ကော်၊ အောက်တိုဘာ ၂၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရေများပြန်လည် ကျဆင်းခဲ့သည့်အတွက် မြို့အင်္ဂါရပ်များနှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့ နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့မှဝန်ထမ်းများဖြင့် ရေများပြန်လည်ကျဆင်းသွားသည့် မင်္ဂလာရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သန့်ရှင်းသောသောက်သုံးရေများအသုံးပြုနိုင်ရေး ရေတွင်းရေကန်များအတွင်းမှ ရေဆိုးများ စုပ်ထုတ်ပေးနေမှု၊ တွင်းဆေး၊ တွင်းမှုတ်ဆောင်ရွက်ပေးနေမှုနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ကလိုရင်းဆေးနှင့် အဘိတ်ဆေးများထည့်သွင်းဆောင်ရွက်ပေးနေမှုများ၊ စည်ပင် သာယာရေးအဖွဲ့များက ရပ်ကွက်အတွင်း လမ်းဘေးဝဲယာ သစ်ပင်ခြုံနွယ်များခုတ်ထွင် ရှင်းလင်း နေမှုများနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရေများပြန်လည်ကျဆင်းသွားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးသို့ရောက်ရှိကာ အဆောက်အဦအားပြန်လည်ပြင်ဆင်ရေး၊  ပြည်သူများ အသိပညာဗဟုသုတရရှိရေး စာအုပ်စာစောင်များ ငှါးရမ်း၊ ဖတ်ရှုနိုင်ရေး၊ ပြတိုက်ငယ်ရှိပစ္စည်းများ ပျက်စီးမှုမရှိစေရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဗဟိုဈေးသို့ရောက်ရှိကာ ဈေးပြန်လည်ဖွင့်လှစ်နိုင်ရန် ဈေးဆိုင်ခန်းများပြုပြင် ဆောင်ရွက်နေမှ အခြေအနေများကို လှည့်လည်ကြည့်ရှု၍ ဈေးဆိုင်ခန်းများအမြန် ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ဆက်လက်၍ မင်္ဂလာရပ်ကွက်ရှိ ငြိမ်းချမ်းကြက်စာနှင့် ဆေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုအားပေးကာ မွေးမြူရေးလုပ်ငန်းများနှင်ပတ်သက်၍ အစားအစာများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဘီလူးချောင်းတံတား(ရှမ်းပိုင်း)သို့ ရောက်ရှိကာ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေရေး တံတား၊ Road Curb နှင့် လမ်းလယ်ကျွန်းသံပန်းများ ဆေးပြန်လည်သုတ်နေမှုများကို ကြည့်ရှုခဲ့သည်။ ဆက်လက်၍ လွိုင်ကော်မြို့အဝင်မုဒ်ဦး ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ မြေယာရှုခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကိုကြည့်ရှုခဲ့ပြီး မြို့သို့အလည်ပတ်လာကြသည့် ခရီးသွားပြည်သူများ မြို့ဝင်သည်နှင့်စိတ်ကြည်လင် လန်းဆန်းပြီး ကြည်နူးပီတိ စိတ်များခံစားနိုင်ရန်အတွက် မြို့အဝင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေးကို အမြဲမပြတ်အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)