မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲကျင်းပ




မန္တလေး၊ အောက်တိုဘာ ၂၀

မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘရား ဂေါပကအဖွဲ့၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မန္တလေးမြို့၊ လေးပြင်၊ လေးရပ်ရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော် ၂၅၈၆ ပါးတို့ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ မန္တလေးတောင် ဂေါပကအဖွဲ့၊ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားဂေါပကအဖွဲ့၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များက ပင့်သံဃာတော် ၂၅၈၆ ပါးအား ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူကြသည်။

ထို့နောက် ရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ  "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဂေါပကအဖွဲ့ဩဝါဒါစရိယ ခင်မကန်တိုက်၊ ကထိန်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိဘိဝံသ ထံမှ ငါးပါးသီလခံယူကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇာယ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကျော်ဝင်းက ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်အရှင်သူမြတ်တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ဆရာတော် ဘဒ္ဒန္တပညာသီရိဘိဝံသထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာယူကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


မြင့်မော်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)