ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှုကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှုကြည့်ရှုအားပေး


နေပြည်တော်၊ အောက်တိုဘာ ၂၈

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား၌ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများနှင့် တွေ့ဆုံသည်။

ထို့နောက် ပါဝင်နွှဲပျော်ဂုဏ်ယူဖွယ်ရာ အမျိုးသားအားကစားပွဲတော် Video Clip၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှတ်တမ်းနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် Video Clip ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကျင်းပမည့် အားကစားပွဲတော်သည် ပြည်တွင်း၌ ကျင်းပသည့် ပွဲတော်ဖြစ်သော်လည်း နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ကဏ္ဍအလိုက်နယ်ပယ်အသီးသီးမှ လူဦးရေ ၁၂၀၀ ကျော်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျောင်းသူများအနေဖြင့် ပွဲတော်ကြီး၏ ကျရာကဏ္ဍမှ စိတ်အားထက်သန်စွာဖြင့် အကောင်းဆုံး ပါဝင်ဖျော်ဖြေတင်ဆက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်ကဏ္ဍနှင့်ပညာရေးကို အမြဲအားပေးထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကအားကိုးရပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် ဟာသပညာရှင်ဒိန်းဒေါင်တို့က ကျောင်းသူများကို အားပေးစကားပြောကြားပြီး ဒိန်းဒေါင်က “ဆု” သီချင်းဖြင့် သီဆိုဖျော်ဖြေရာ ကျောင်းသူများက ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “လှပချစ်စရာ တို့ရွှေမြန်မာ” သီချင်းနှင့်အတူ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်သည်။

ထိုမှတစ်ဆင့် ပျဉ်းမနားမြို့နယ် မင်္ဂလာရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စိုးမြင့်မိုရ်ခန်းမ၌ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး Video Clip များကိုပြသကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အားပေးစကားပြောကြား၍ ဒိန်းဒေါင်က “ညမွှေးပန်း” သီချင်းဖြင့် သီဆိုဖျော်ဖြေရာ ကျောင်းသူများက ပါဝင်ဆင်နွှဲကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ “လှပချစ်စရာ တို့ရွှေ မြန်မာ” သီချင်းနှင့်အတူ သရုပ်ဖော်အက အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အကနည်းပြဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းသူဦးရေ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် “ လှပချစ်စရာ တို့ရွှေ မြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” သီချင်းဖြင့် လည်းကောင်းအကအလှများဖြင့် တွဲဖက်၍ ပါဝင်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို ကျောင်းသား ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်းသယ်ဆောင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာပြကွက်များ၊ မီးရှူးမီးပန်း အလှဆင် ပစ်ဖောက်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစား သမားများနှင့်အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ဝန်ကြီးဌာနအဆင့်တွင် အားကစားနည်းခြောက်မျိုးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုးဖြင့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)