အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရုပ်ကလပ်ကို ၈-၁၀-၂၀၂၄ ရက်နေ့ မနက် ၁၀ နာရီက မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၃ လမ်း နေအိမ်ကနေ တောင်အင်းမြောင်အင်း သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာဇော်မြင့်မောင် ရောဂါအခြေအနေနဲ့ သေဆုံးခဲ့ရတာဟာ အကျဉ်းထောင်အတွင်းမှာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့လို့ဆိုပြီး သတင်းမီဒီယာ တွေနဲ့သံရုံးအချို့ရဲ့ ကြေညာချက်တွေမှာ စွပ်စွဲပြောဆိုထားတာတွေကို စိတ်မကောင်းဖွယ်ရာ တွေ့လိုက်ရပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးအင်တာနက် စာမျက်နှာမှာ သွားပုပ်လေလွင့် ပြောဆိုနေကြတာတွေကိုမြင်တော့ အဖြစ်မှန်ကို ပြည်သူတွေ သိအောင်ပြောပြချင်ပါတယ်။
တကယ်တော့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အာဏာအားထိန်းခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်ထိခိုက်စေမည့် ရေးသားထုတ်ပြန်မှုများပြုလုပ်ခြင်း၊ ဝန်ကြီးချုပ်တာဝန်ထမ်း ဆောင်စဉ်ကာလ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေးပြုလုပ်၍ Stay at home အမိန့်များအားဆန့်ကျင်ခြင်း၊ အဂတိနှင့် မလွတ်ကင်းသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ခဲ့ခြင်းတို့ကြောင့် မန္တလေးတိုင်းတရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်၊ ၆/၇/၈/၉/၁၀/ ၂၀၂၁၊ အဂတိ-၅၅ ပါ ၁၀ မှုဖြင့် ပြစ်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းသို့ရောက်ရှိချိန်မှစတင်ပြီး နစကအစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ခံစားခွင့် အခွင့်အရေးထက်ပိုလွန်၍ သက်သာစွာနေထိုင် စေရေးအတွက် အကျဉ်းထောင် သီးသန့်တိုက်တွင်ထားရှိခြင်း၊ အစားအသောက်အနေဖြင့် ထောင်မှ ကျွေးမွေးသော ထမင်း/ဟင်းများအပြင် ၎င်း၏ မိသားစုဆွေမျိုးများပေးပို့သော ထောင်ဝင်စာနဲ့ စားသောက်ဖွယ်ရာများအား ဒေါက်တာ ဇော်မြင့်မောင်ထံ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်မှုမရှိစေရန်လည်း မိသားစုမှ ရေးသားပေးပို့သော ထောင်ဝင်စာများအား ဒေါက်တာဇော်မြင့်မောင်ထံ ပေးပို့ခဲ့သလို၊ ဒေါက်တာ ဇော်မြင့်မောင်ဆီမှ စာများကိုလည်း သူ့ရဲ့မိသားစုထံ အကြောင်းကြားပြီး လက်ဝယ်သို့ရောက်အောင် ဆောင်ရွက်ပေးခဲ့ ပါတယ်။
တကယ်တော့ ဒေါက်တာ ဇော်မြင့်မောင် ဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရပြီး ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ဖူးပါတယ်။ အကျဉ်းထောင်သို့ ရောက်ရှိချိန်မှာလည်း သူ့ရဲ့ကျန်းမာရေး အခြေအနေကို အကျဉ်းထောင်ဆေးရုံအုပ် ဒေါက်တာမိုးဟိန်းက အနီးကပ်ကြပ်မတ်စောင့်ရှောက်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ဂရုတစိုက်ပြုလုပ်ပေးခဲ့လို့ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လာခဲ့ပါသေးတယ်။ ဒါ့အပြင် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီးဦးစီးပြီး သွေးကင်ဆာဌာနက ပါမောက္ခတွေကလည်း ၂၃ ကြိမ်တိုင်တိုင် အကျဉ်းထောင်ထဲ ထိလာရောက်ကုသပေးခဲ့သလို အထွေထွေရောဂါကုဆေးရုံကြီးသို့ နေ့ချင်းပြန်အနေဖြင့် ၈ ကြိမ် သွားရောက်ကုသမှုခံယူခဲ့ပါတယ်။
ဒါ့အပြင် ၆-၈-၂၀၂၁ ရက်မှ ၂၇-၈-၂၀၂၁ ရက်ထိ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးမှာ အထူးကုဆရာဝန်များရဲ့ အနီးကပ်ကြပ်မတ်မှုနဲ့ ကောင်းမွန်စွာ ဆေးဝါးကုသမှု များပြုလုပ်ပေးခဲ့ပြီး ၁၇-၉-၂၀၂၄ ရက်တွင် ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် အသက်အရွယ် ကြီးရင့်ခြင်း၊ သွေးကင်ဆာရောဂါဖြင့် ကိုယ်ခံအားနည်းလာခြင်းတို့ကြောင့် အကျဉ်းထောင်မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ အထူးကုသဆောင်မှာထားရှိပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများက ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ပါတယ်။ ဆေးရုံတက်ရောက်ကုသမှုခံယူ နေချိန်မှာလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့ချိတ်ဆက်ပေးပြီး လိုအပ်သောဆေးဝါးများ၊ စားသောက်ဖွယ်ရာ များအား ပို့ဆောင်ရန်ခွင့်ပြုပေးခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့လည်း ထောင်တွင်းမှာရောပြင်ပမှာပါ ဆေးကုသမှုခံယူနေတဲ့အချိန် ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပါတယ်။
၁၇-၉-၂၀၂၄ ရက်နေ့မှာတော့ ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း နိုင်ငံတော်အစိုးရအနေနဲ့ သူ့အားအသက်အရွယ်ရသော်လည်းကောင်း၊ ခံစားနေရသော သွေးကင်ဆာ ရောဂါအားလွတ်လပ်စွာ ဆေးဝါးကုသမှုခံနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ၎င်းကျခံရမည့် ပြစ်ဒဏ်များအား လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုပေးခဲ့ ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတာဟာ ဒေါက်တာဇော်မြင့်မောင် သေဆုံးမယ်မှန်း မသိခင် ကတည်းက သူ့ရဲ့ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်ရန်အတွက်ပေးခဲ့တာဖြစ်ပါတယ်။
တကယ်တော့ ဒေါက်တာဇော်မြင့်မောင်အပေါ် နစကအစိုးရအနေဖြင့် တရားဥပဒေ အရသာပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ပေးခဲ့ပေမယ့် သူ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးထက်ပိုမိုပြီး ဆောင်ရွက်ပေးခံခဲ့ရတယ်။ အသက်အရွယ်အရ ပြစ်ဒဏ် ကျခံရန်ကျန်ရှိသည့် ၂၆ နှစ်၊ ၁၁ လခန့်ကို ဖြေလျှော့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြုဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို ထောင်တွင်းကျန်းမာရေးအရ ကြပ်မတ်ကုသမှုတွေနဲ့အတူ အထူး အခွင့်အရေးရရှိခဲ့ပေမယ့် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ကံမကောင်းစွာနဲ့ပဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ် မတ်ဆောင်(ICU)ခန်းမှာ သေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး နစကအစိုးရအနေနဲ့ နောက်ဆုံးအချိန်အထိ လစ်ဟင်းမှုမရှိအောင် ဂရုတစိုက်နဲ့လုပ်ဆောင်ပေးခဲ့တာတွေပဲဖြစ်ပါတယ်။
အဲဒီတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာဖော်ပြနေတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဆေးကုသမှုအလုံအလောက် မရရှိခဲ့ဘူးဆိုတာတွေဟာ နစကအစိုးရကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ချင်လို့ အပုပ်ချပြီး စွပ်စွဲပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အသက်အရွယ်အားဖြင့် ၇၃ နှစ်ရှိပြီး သွေးကင်ဆာရောဂါ ခံစားနေရသူ တစ်ယောက်ဟာ ထောင်တွင်းအကျဉ်းကျခံနေရသူ မဟုတ်ဘဲ တခြားသူဆိုရင်လည်း ဒီရောဂါရဲ့ ဒဏ်ကြောင့် အနှေးနဲ့အမြန်တော့ ဒီခရီးကို သွားကြရမှာပဲဆိုတာ တရားသဘောနဲ့ပဲကြည့်ကြည့်၊ ဆေးပညာသဘောနဲ့ပဲကြည့်ကြည့် သိနိုင်ပါတယ်။
ထွန်းမင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment