ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင် (၁၆)စုံ လှူဒါန်းပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင် (၁၆)စုံ လှူဒါန်းပွဲသို့ တက်ရောက်

 




မြစ်ကြီးနား ၊ အောက်တိုဘာ ၂၀


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်အတွင်းရှိ Light For All Nations Ministry မှ ဖွင့်လှစ်သော “Arise New Generations” October Children Camp သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။


ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် အဖွဲ့အစည်းတည်ထောင်သူ ဓမ္မဆရာလဂျာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အဖွဲ့အစည်းမှ မူးယစ်ဆေးစွဲလူငယ်များအား ပြန်လည်ပြုစုပျိုးထောင်၍ အလုပ်အကိုင်အတွက် သက်မွေးကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ G Gumu မိခင်များအဖွဲ့က သံစုံတေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့တစ်မျိုးသားလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးဆောင်တိုက်ဖျက်နေသကဲ့သို့ ယခုလို ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းကလည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်လာမှုကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ယနေ့ Light For All Nations Ministry အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲလူငယ် ၃၀၀၀ ခန့်အား ပြန်လည်ပြုစုပျိုးထောင်ပြီး ကိုယ်ထူကိုယ်ထ အသက်မွေးဝမ်းကျောင်းပညာများကို တတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မူးယစ်ဆေးဝါး၏ အကျိုးအပစ်ကို နားလည်ပြီး လူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် မိမိတို့အားလုံးက မဖြစ်မနေ ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။


ထို့နောက် ကချင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ သင်တန်းသား/ သင်တန်းသူလေးများက ဂုဏ်တော်ချီးမွမ်းက ပြဖျော်ဖြေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က သင်တန်းကျောင်းသားများအတွက် သုတ/ ရသစာအုပ်စာစောင်များနှင့် ကလေးများအတွက် နေ့လယ်စာအဖြစ် ထောက်ပံ့ငွေကျပ် (၁၆)သိန်းကို တည်ထောင်သူ ဓမ္မဆရာထံလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ဇနီးတို့က သင်တန်းသားကလေးငယ်များအတွက် အားကစားပစ္စည်းမျိုးစုံကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ သင်တန်းကျောင်းဆရာမ ဒေါ်နန်ဆိုင်း (ပညာရေးမှူး-ငြိမ်း) က ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားခဲ့သည်။


ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ပြည်နယ်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်းက ကမကထပြုလုပ်၍ ဖောင်ဒေးရှင်အဖွဲ့ဝင်များနှင့် အလှူရှင်များက ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင်များ လှူဒါန်းပွဲသို့ တက်ရောက်သည်။


အဆိုပါ အခမ်းအနားတွင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်က မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးအတွက် ဖောင်ဒေးရှင်းမှ ကမကထပြုလုပ်၍ အဆင့်မြှင့်လူနာတင်ကုတင်များကို ပထမအကြိမ်တွင် အစုံ (၃၀) လှူဒါန်းပေးအပ်ခဲ့မှုနှင့် ယခုအကြိမ်အတွက် ထပ်မံလှူဒါန်းနိုင်ရေး စီစဉ်‌ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အလှူရှင်များအား မိတ်ဆက်ပေးသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကမကထပြုလုပ်၍ မြစ်ကြီးနားမြို့ ရွှေဖြူအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ အလှူရှင် ဦးထွန်းရီနှင့် ဒေါက်တာဆမ်ပရီတို့က လှူဒါန်းသည့် အဆင့်မြှင့်လူနာတင်ကုတင် (၁၀)လုံးနှင့် ယူနန်ဘုံကျောင်း အမျိုးသမီးအဖွဲ့က လှူဒါန်းသည့် ဆေးရုံသုံးအဆင့်မြှင့်လူနာတင်ကုတင် (၆) လုံးတို့အား အလှူရှင်များကိုယ်စား ဆေးရုံအုပ် ဒေါက်တာဝင်းမော်ထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်း လှူဒါန်းထားသည့် ဆေးရုံသုံးအဆင့်မြှင့်လူနာကုတင် (၁၆)လုံးအား နေရာချထားမှုအခြေအနေများနှင့် အဆင့်မြှင့်ကုတင်များ၏ အသုံးပြုနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အလှူရှင်များ၏ လိုက်လံရှင်းလင်းပြသမှုကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)