ရန်ကုန်၊ အောက်တိုဘာ ၁၆
သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက MSMEထုတ်ကုန်ဈေးရောင်းပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုံများမှ ဥက္ကဋ္ဌများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့များက တီးခတ်တင်ဆက်ကပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်ကြီးများက ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ဝယ်ယူအားပေးခဲ့ကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများ အပါအဝင် ဈေးဆိုင်ခန်းပေါင်း (၄၂ဝ) ခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း အလှူရှင်များ၏ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားလျက်ရှိသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/ အပို့ကားများ စီစဉ်ဆောင်ရွက်ထားသည်။
ဈေးရောင်းပွဲတော်ကို နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီး အလှပန်းခင်းများ၊ အလှမီးများအပြင် သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်မြင့်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment