X-Ray စစ်ဆေးရေးဂိတ်များကို ဘယ်လို အဆင့်မြှင့်တင်မလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

X-Ray စစ်ဆေးရေးဂိတ်များကို ဘယ်လို အဆင့်မြှင့်တင်မလဲ


အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပြောရရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေသမျှ အခက်အခဲ အကြပ်အတည်းတွေ အားလုံးဟာ အာဏာလက်မဲ့ဖြစ်ပြီး ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေဖြစ်လာတဲ့ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာအရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့တယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီ ဦးဆောင်သူတွေ က ဆူပူဆန္ဒပြရာနေ အကြမ်းဖက်လှုပ်ရှားမှုကို စတင်လုပ်ဆောင်လာခဲ့တယ်။

အကြမ်းဖက်လုပ်ရပ်တွေ စတင်လုပ်ဆောင်လာချိန်ဟာ ကိုဗစ်-၁၉ တတိယလှိုင်း ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုမဖြစ်ရလေအောင် လိုအပ်သည်များကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့၊ ပြည်ပက တင်သွင်းရမယ့် ဆေးဝါးတွေလည်း အလျှင်အမြန် တင်သွင်းနိုင်အောင် နယ်စပ်ဂိတ်တွေမှာ ဆေးဝါးနဲ့ ပတ်သက်လို့ တင်သွင်းတာတွေကို ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ပေးတာကို အခွင့်ကောင်းယူပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီး အဆင့်တာဝန်ယူခဲ့တဲ့ ဝင်းမြတ်အေးတို့လို အာဏာရမ္မက်ထနေတဲ့ ကောင်တွေက ပြည်တွင်းမှာ ရှိနေတဲ့ ဂျင်မီ၊ ဖြိုးဇေယျာသော် တို့ ထံကို ငွေကြေးထောက်ပံ့ပေးတာအပြင် အောက်စီဂျင်အိုးတွေထဲမှာ လက်နက်တွေ ထည့်သွင်းပြီး ပြည်တွင်းကို ပို့ဆောင်ပေးတာမျိုးတွေ လုပ်ခဲ့ကြပါတယ်။ တချို့လည်း ဖမ်းဆီးရမိခဲ့ပါတယ်။ အစိုးရရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး NLD အစွန်းရောက်တွေက အကြမ်းဖက်လှုပ်ရှားမှုအတွက် လက်နက်ခဲယမ်းတွေ တင်သွင်းခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ 

လိုရင်းကို ဆက်ရရင်တော့ NLD အစွန်းရောက်တွေက လက်နက်ခဲယမ်းတွေ တင်သွင်းနေခြင်းကြောင့် X-Ray စစ်ဆေးရေးဂိတ်တွေ လုပ်ဆောင်လာရခြင်းဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်ပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့ ကြားကကိုပဲ အနယ်နယ်အရပ်ရပ်ကို လက်နက်ခဲယမ်းတွေ ပျံ့နှံ့ရောက်ရှိပြီး NLD အစွန်းရောက် အကြမ်းဖက်သမားများက သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူများ၊ ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ယနေ့တိုင် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာလည်း PDF အမည်ခံ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လက်ထဲမှာ လက်နက်ခဲယမ်းတွေ ရှိနေတယ်။ မကြာသေးမီကပဲ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မစဖ အဖွဲ့ဝင် ဦးရွှေမန်း ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မန္တလေးမြို့မှာလည်း ထိုနည်းတူစွာပါပဲ။ PDF အမည်ခံ NLD အစွန်းရောက်တွေရဲ့ လက်ထဲမှာ လက်နက်ခဲယမ်းတွေ ရှိနေသလို ဧရာဝတီတိုင်းဒေသကြီးလို နေရာမျိုးမှာတောင် NLD အစွန်းရောက်တွေက သေနတ်နဲ့ လိုက်ပစ်သတ်လို့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာကို ထောက်ထားကြည့်ခြင်းအားဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ခြင်းဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အလုပ် ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတစ်ခုက သတင်းစာရှင်းလင်းပွဲ ဖိတ်လို့ လိုက်ပါသွားခဲ့ပါတယ်။ ဝေါ စစ်ဆေးရေးဂိတ်လို့ လူသိများတဲ့ X-Ray ဂိတ်ကို ဖြတ်ရပါတယ်။ အဲဒီမှာ ယာဉ်ကျော ပိတ်စို့မှုက ထင်မှတ်ထားတာထက် ပိုဆိုးနေခဲ့ပါတယ်။ အထူးအားဖြင့် မော်လမြိုင်ဘက်က တက်လာတဲ့ ယာဉ်တန်းကို စစ်ဆေးတယ်။ ရန်ကုန်၊ နေပြည်တော်ဘက်က လာတဲ့ ယာဉ်တွေက တစ်ဖက်က ပိတ်နေတာကို ကျော်တက်ရင်းနဲ့ လမ်းအပြည့် ပိတ်စို့မှုတွေ ဖြစ်ပေါ်နေတယ်။ အသွားမှာ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့က တာဝန်ရှိသူတွေက စစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေနဲ့ သွားရောက်ပြောဆိုဆွေးနွေးပြီး အလုအယက် ထွက်ခဲ့ရပါတယ်။

နောက်နေ့ သတင်းစာရှင်းလင်းပွဲပြီးလို့ ပြန်လာတော့ စစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံ ပြောဆိုဖို့တောင် မလွယ်ကူတဲ့ အခြေအနေမျိုးအထိ လမ်းပိတ်စို့မှုက ဖြစ်ပေါ်နေပါတယ်။ ဒီယာဉ်တန်းကိုသာ စောင့်နေမယ်ဆိုရင် နောက်ထပ် တစ်ရက်၊ နှစ်ရက်နဲ့တောင် ထွက်ရဖို့ လမ်းမမြင်ပါဘူး။ မော်လမြိုင်က လာတဲ့ မော်တော်ယာဉ်တွေက တစ်ဖက် လမ်းပြောင်းပြန်အတိုင်း ကျော်တက်ပြီး လယ်ကွင်းတွေထဲ ဖြတ်ဖောက်ထားတဲ့ ကုန်ထုတ်လမ်းကနေ ထွက်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားလည်း သူများတွေ ထွက်တဲ့ လမ်းအတိုင်း ထွက်လာပြီး X-Ray ကို ကျော်ဖြတ်ခဲ့ပါတယ်။ အဲဒီလို ထွက်လို့ရတဲ့ လမ်းရှိနေတော့ ဒီ X-Ray ဂိတ်က ဘာအဓိပ္ပာယ် ရှိတော့မှာလဲလို့ တွေးမိပါတယ်။ ကျွန်တော်တို့ကားတစ်စီးတည်းသာ ထွက်ခဲ့ခြင်း မဟုတ်ပါဘူး။ အိမ်စီးကားတွေ အားလုံး အဲဒီလမ်းကနေ ပတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကုန်ကားကြီးတွေတော့ ထွက်လို့ မရပါဘူး။

အဲဒီ ဝေါ X-Ray ဂိတ်မှာ ကားတန်းစီရင်း စပါယ်ယာတစ်ယောက်က မော်တော်ယာဉ်အောက် ဝင်အိပ်နေတယ်။ ဒရိုင်ဘာက ယာဉ်ကို ရှေ့တိုးရင်း ကြိတ်မိသည်အထိ ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကို ပြန်သုံးသပ်ကြည့်ရင် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု အခြေအနေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်မှုမရှိခြင်းကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံရတဲ့ အခြေအနေ၊ လိုအပ်သည့်ထက်ပိုပြီး အချိန်တွေ ဆုံးရှုံးရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကို ပြန်လည်သုံးသပ်ပြီး အိမ်စီးကားတွေကို လမ်းကြောင်းတစ်ခုမှာ စစ်ဆေးနိုင်ဖို့၊ ကုန်တင်ကားတွေကို သီးခြားစစ်ဆေးနိုင်ဖို့ ပြန်လည်သုံးသပ်ပြင်ဆင်ပြီး လုပ်လိုက်မယ်ဆိုရင် အချိန်နှောင့်နှေးကြန့်ကြာမှုကို အထိုက်အလျှောက် လျှော့ပါးသွားစေမှာ ဖြစ်ပါတယ်။ 

အဲဒီနောက်ပိုင်း မော်လမြိုင်ဘက်ကိုလည်း မရောက်ဖြစ်တော့ပါဘူး။ အဲဒီဂိတ်မှာ ကြန့်ကြာမှုဖြစ်နေတာ၊ ကားကြိတ်ခံရတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့တာတွေကြောင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားလိမ့်မယ်လို့ ယူဆရပါတယ်။

ယခု ၂၀၂၄ ရေဘေးကာလ ရှမ်းပြည်(တောင်ပိုင်း)ကို တက်တော့လည်း X-Ray ဂိတ် ရှိပါတယ်။ ဒီဘက်က တက်တဲ့ မော်တော်ယာဉ်တွေကိုတော့ အစစ်အဆေး သိပ်မလုပ်ပါဘူး။ ရှမ်းပြည်(တောင်ပိုင်း) က ပြန်ဆင်းလာတဲ့ ယာဉ်တွေကတော့ X-Ray ဖြတ်ရမှာ ဖြစ်ပါတယ်။ ဆရာတော်များက တာဝန်ရှိသူများကို သွားရောက်ဆွေးနွေးပြီး သံဃာတော်များ လိုက်ပါလာတဲ့ ရေဘေးကူညီရေးယာဉ်များကို သွားခွင့်ပြုပေးဖို့ သွားရောက်တွေ့ဆုံ ဆွေးနွေးပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတချို့က ကူညီပေးပါတယ်။ သို့ပေသော်လည်း ယာဉ်ကျောက ပိတ်စို့နေတာ ဖြစ်တဲ့အတွက် ကူညီပေးချင်တာတောင် ကူညီပေးလို့ မရပါဘူး။ စောင့်စိုင်းပြီးတော့ပဲ ထွက်ခဲ့ရပါတယ်။ 

အဓိကအားဖြင့် ဒီ X-Ray ဂိတ်တွေမှာ တပ်မတော်၊ ရဲ၊ ယာဉ်ထိန်း ပူးပေါင်းပြီးတော့ စောင့်ကြပ်စစ်ဆေးရတာ ဖြစ်ပါတယ်။ သူတို့ကို ဒီတာဝန်ပေးအပ်ထားတဲ့အတွက် သူတို့က ဒီတာဝန်ကို လိုက်နာဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ဒီဂိတ်တွေကို စီမံကွပ်ကဲတဲ့ အရာရှိများအနေနဲ့ကတော့ ပြန်လည်သုံးသပ်သင့်တယ်။ ဒီဂိတ်တွေမှာ ခရီးသွား ပြည်သူတွေအတွက် ဘယ်လောက်တောင် နှောင့်နှေးကြန့်ကြာမှု ဖြစ်နေသလဲ။ ကုန်စည်စီးဆင်းမှု အခက်အခဲ ဘယ်လောက်တောင် ဖြစ်နေလဲ။ ဒါတွေကို သုံးသပ်ပြီး -

X-Ray စက် အရေအတွက် တိုးခြင်း၊

အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများကို လမ်းကြောင်းခွဲပြီး စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ခြင်း၊

စစ်ဆေးဆောင်ရွက်ရာမှာလည်း တာဝန်ကျနေသူများက ပြည်သူများကို မလိုလားအပ်သော ခြောက်လုံး၊ ဟောက်လုံး၊ ညစ်လုံးများဖြင့် ကြန့်ကြာအောင် လုပ်ဆောင်ခြင်းများ မဖြစ်ပေါ်လေရအောင် ကြပ်မက် စီမံဆောင်ရွက်ခြင်း၊

တာဝန်ကျ ဝန်ထမ်းများကိုလည်းလည်း ငြီးငွေ့ခြင်း မဖြစ်ရလေအောင် အလှည့်ကျ တာဝန်ထမ်းဆောင်စေခြင်း

အားဖြင့် ခရီးသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုများ ပိုမိုလျှင်မြန်စေရန် ဆောင်ရွက်ပေးသင့်ပါကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ်။

စနစ်တကျ စစ်ဆေးဆောင်ရွက်ခြင်းက အများပြည်သူ အန္တရာယ်ကင်းစေဖို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲဒီလို ကြန့်ကြားပြီး လူစုလူဝေးဖြစ်ပေါ်နေတဲ့ နေရာမှာ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အကြမ်းဖက်သမားများက ပြည်သူလူထုအပေါ် ထောက်ထားငဲ့ညှာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့သော် ပိုမိုဆိုးရွားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာကို ဆင်ခြင်သုံးသပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်သင့်တဲ့ အခြေအနေကို တင်ပြခြင်းသာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)