နေပြည်တော်၊ နိုဝင်ဘာ ၂၇
တရုတ်နိုင်ငံ ပေကျင်းမြို့၌ 2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဆုများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၏ အသက် (၇ နှစ်မှ ၁၂ နှစ်အထိ) အုပ်စုတွင် G4 ကျောင်းသား မောင်သစ်ထူးဉာဏ်က (ပထမ) ဆု၊ အသက် (၁၃ နှစ်မှ ၁၈ နှစ်အထိ) အုပ်စု တွင် G9 ကျောင်းသား မောင်ဖုန်းမြတ်စံက (ဒုတိယ)ဆုနှင့် G9 ကျောင်းသား မောင်မင်းစစ်ပိုင်၊ G8 ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင် ကျောင်းမှ မဇူးဇူးလှိုင်တို့က (တတိယ) ဆုတို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” ကို နိုဝင်ဘာ ၂၃ ရက်က ပေကျင်း ပြည်သူ့နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (BPAFFC) နှင့် Beijing Association for Science and Technology, Overseas Chinese Affairs Office of Beijing Municipal Government, Beijing Women's Federation တို့ ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ကျောင်းသား ကျောင်းသူ ၅၂၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို အသက် (၄ နှစ်မှ ၆ နှစ်အထိ) အုပ်စု၊ အသက် (၇နှစ် မှ ၁၂ နှစ်အထိ) အုပ်စုနှင့် အသက် (၁၃ နှစ်မှ ၁၈ နှစ်အထိ) အုပ်စုဟူ၍ အုပ်စု (၃) စု ခွဲခြားယှဉ်ပြိုင်စေခဲ့ကြကာ မြန်မာနိုင်ငံမှ မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါအုပ်စု (၂) စုတွင် ယှဉ်ပြိုင်ရေးဆွဲပေးပို့၍ ပြိုင်ပွဲဝင်ခဲ့ကြရာ ထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment