ငါန်းဇွန် ၊ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ မြေစိုက်ဘုတ်နှင့် သုတရသစာအုပ်စာစောင်ပြပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ ငါန်းဇွန်အ.ထ.ကမှ ကျောင်းသား၊ ကျောင်းသူများသည် မြို့နယ်ပြန်/ဆက် ရုံးရှေ့ရှိ မြေစိုက်ဘုတ်နှင့် နံရံကပ်စာစောင်တွင် ပြသထားသော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များကိုလည်းကောင်း စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပရာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့်မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိပါကြောင်း၊ ဘေးအန္တရာယ်ရှိသော ကလေးလုပ်သားဟူသည်၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သား၏ နောက်ဆက်တွဲ အကျိုးဆက်များ၊ ကလေးလုပ်သားပပျောက်ရေးလုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဖြိုးဟိန်းကျော်က “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးမှု အပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခို ခြားနားချက်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦး (မြို့နယ်ပြန်/ ဆက်)က “အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆိုဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင်အရေးပါသော လှုပ်ရှားမှုဖြစ်ကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာအသိပညာပေး” ခေါင်းစဉ်ဖြင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်းကိုလည်းကောင်းအခမ်းအနားသို့ တက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment