ပဲခူး၊ နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်တဲစုကွင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး(၂)သီး တစ်ကွင်းတစ်ဆက်တည်း ဧက(၄၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး အား တိုင်းဒေသကြီးအစိုးရဖွဲ့မှ ထောက်ပံ့ထားသည့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှသာ သီးထပ်စွမ်းအား ပိုမိုတိုးတက်လာပြီး ဝင်ငွေတိုးတက်လာမှာဖြစ်ကာ စိုက်ပျိုးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အဓိကအချက်ကြီး(၄)ချက်အား လိုက်နာပြီး ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သွင်းအားစုအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဘော်ဖြူရိုးချောင်းတူးဖော်ပြီးစီးမှုနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးစိန်လင်း၏ ဒေသကြက် ကောင်ရေ(၃၀၀၀) မွေးမြူရေးခြံအားလည်းကောင်း၊ ဈေးပိုင်းရပ်ကွက်ရှိ မိဘမေတ္တာ ဒေသနွားကောင်ရေ (၁၀၀)၊ ဒေသဆိတ် ကောင်ရေ(၁၀၀)နှင့် ဥစားဘဲကောင်ရေ(၅၀၀) ဘက်စုံမွေးမြူရေးခြံနှင့် နေဗီယာမြက် စိုက်ပျိုးခင်းအားလည်းကောင်း၊ ကမာစဲကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းလွင်၏ ဥစားဘဲ ကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသား၊ ငါး၊ ဥ စားသုံးမှုဖူလုံပိုလျှံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး တိုးချဲ့မွေးမြူခြင်းများ ဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ရောစပ်ကျွေးမွေးရန်နှင့် မေထုန်မဲ့သားစပ်ခြင်း သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် သင်တန်းပေးခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမာစဲကျေးရွာရှိ ဦးလူမော်၏ တစ်ရက် တန်(၂၅၀)ကျ ဆန်စက်သို့ သွားရောက်ခဲ့ပြီး ဆန်စက်လည်ပတ်နေမှု၊ လုံးတီးဆန်ကြိတ်ခွဲနေမှုနှင့် စပါးအခြောက်ခံစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ဒေသတွင်း အသား/ငါး ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း အသား/ငါး/ဥ ပြတ်လပ်မှုမရှိစေရေး သနပ်ပင်မြို့ရှိ ဦးသန်းဌေး၏ ငါး၊ ပုဇွန် ရောင်းဝယ် ရေးဒိုင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး-သနပ်ပင်-သံလျင်လမ်းမကြီး ပေါ်ရှိ ပဲခူး-သနပ်ပင်လမ်းပိုင်း လမ်းချဲ့ခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေကျော်သည့် လမ်းပိုင်းများတွင် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment