နေပြည်တော်၊ နိုဝင်ဘာ ၂၂
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာ၊ ကျွန်းဦးကျေးရွာနှင့် အေးမြင့်သာယာကျေးရွာတို့သို့ သွားရောက်ကာ CB Bank ၏ လှူဒါန်းငွေဖြင့် တည်ဆောက် ပြုပြင်ပေးလျက်ရှိသည့် နေအိမ်များ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာ၌ ရေဘေးသင့်၍ အလုံးစုံ ပျက်စီးသွားသော နေအိမ်ငါးလုံးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသစ်ပြန်လည် တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေးရမည့် နေအိမ်ခုနစ်လုံး၏ ပြန်လည်ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာ၌ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ် ၁၈ လုံး၏ အလုံးစုံတည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာ၌ အလုံးစုံပြန်လည်တည်ဆောက် ပေးရမည့် နေအိမ်တစ်လုံးနှင့် တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေးရမည့် နေအိမ်တစ်လုံးတို့၏ တည်ဆောက်ပြီးစီးမှုအခြေအနေတိုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ယခုတည်ဆောက် ပေးသည့် နေအိမ်များ ရေရှည်တည်တံ့ရေးအတွက် ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်း ထိန်းသိမ်းနေထိုင်ကြရန်၊ အားငယ်စိတ်ဓာတ်ကျခြင်းမျိုးမရှိစေဘဲ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း များ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျွန်းဦးကျေးရွာရှိ လမ်းဘေး ဝဲ၊ ယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် နှစ်မြို့နယ်အတွင်းမှ ကျေးရွာသုံးရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံ ပြန်လည်ပြင်ဆင်ရမည့် နေအိမ် ၂၄ လုံးကို အလျားပေ ၂၀၊ အနံပေ ၂၀၊ အမြင့် ၁၆ ပေရှိ သွပ်မိုး၊ ထရံကာ ကျေးလက်အိမ်ရာများအဖြစ် အသစ်တည်ဆောက်ပေးခြင်း၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း၊ နေအိမ်ရှစ်လုံးကို ပြုပြင်တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်၍ ကျေးရွာရှိ မိသားစုဝင်များ တက်ရောက်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment