မကွေး၊ ဒီဇင်ဘာ ၃
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် Grade-11နှင့် Grade -12တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်(၃)နှင့်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့်ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ဥပဒေပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်းသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့်သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းဖြင့် ပြန်လည်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကိုသိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချပေးနိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်းအဖြစ်ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါတားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကိုသိရှိခြင်းဖြင့် ဥပဒေကိုလေးစားလိုက်နာတတ်စေရန်၊ နိုင်ငံသားတစ်ဦး၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၂၈၅)ဦးအား တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ် (၇)ခုကို ဒီဇင်ဘာလ(၂) ရက်နေ့မှ(၁၂) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်းကျောင်း (၉၁၃)ကျောင်းရှိပြီး (၁)ကျောင်းလျှင် ဆရာ(၁)ယောက်နှုန်းဖြင့် (၉၁၃)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment