မကွေး၊ ဒီဇင်ဘာ ၂
ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ် ကျင်ဒွေးဒေသမှ မကွေးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှနေအိမ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေအိမ်များဆောက်လုပ်ထားသော အိမ်ရာဝန်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာသူ မိသားစုများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စစ်ဆင်ရေးနယ်မြေများတွင် တိုက်ပွဲဖြစ်ပွား၍ နေထိုင်ရန်အခက်အခဲရှိသဖြင့် ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ မကွေးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသော အိမ်ထောင်စု(၃၂)စု၊ လူဦးရေ (၁၀၇) ဦးအား (၈.၉.၂၀၂၄) ရက်နေ့မှစ၍ မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ ဗိဿနိုးအဆောင်တွင် ခေတ္တယာယီနေရာချထားပေးခဲ့ကြောင်း၊ ကျင်ဒွေးမြို့မှ ယာယီနေရပ်စွန့်ခွာသူရောက်ရှိလာသော မိသားစုများ၏ နေထိုင်အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ယာယီနေရပ်စွန့်ခွာသူများ စီမံခန့်ခွဲမှုကော်မတီ၊ နေအိမ်များဆောက်လုပ်ရေးဆပ်ကော်မတီ၊ ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ၊ ရေ/မီးရရှိရေးဆပ်ကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူမှုဖွံ့ဖြိုးရေးဆပ်ကော်မတီစသည့် ကော်မတီ(၅)ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ ယာယီနေရပ်စွန့်ခွာရန်ရောက်ရှိလာသော မိသားစုများနေထိုင်ရန်အတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာအနီးတွင် (၃၀ပေ×၄၀ပေ) မြေကွက် ပေါင်း (၁၁၁)ကွက်၊ အကျယ် (၃၀)ပေ လမ်း (၇)လမ်းကို ဖော်ဆောင်ပေးခဲ့သလို၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ နေအိမ်များနှင့် အိမ်သာများဆောက်လုပ်ပေးခြင်း၊ ခြံစည်းရိုးတိုင်များ စိုက်ထူပေးခြင်း၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်မြေနေရာများပြုပြင်ပေးခြင်း၊ ခြုံနွယ်များရှင်းလင်းပေးခြင်း၊ လမ်းများဖောက်လုပ်ပေးခြင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများရရှိရန်အတွက် ဆိုလာစနစ် စက်ရေတွင်းတူးဖော်ပေးခြင်း၊ ရေကန်များဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အတူ တိုင်းဒေသကြီးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီးရရှိရေးအတွက် လျှပ်စစ်မီးတိုင်များစိုက်ထူပြီး မီးကြိုးသွယ်တန်းခြင်း၊ နေအိမ်(၁)လုံးချင်းစီအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ ယာယီနေရပ်စွန့်ခွာရန် ရောက်ရှိလာသော အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား နေထိုင်ရေးကိစ္စရပ်များအတွက် ရန်ပုံငွေကျပ်(၆၈.၄၈)သန်းနှင့် ရေရရှိရေးကိစ္စရပ်များအတွက် ရန်ပုံငွေကျပ် (၁၁.၁၈)သန်းတို့ကို ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ယာယီနေရပ်စွန့်ခွာသူမိသားစုများ၏ ကျောင်းသား/သူများ ပညာရေးကိစ္စရပ်များအဆင်ပြေစေရန် တိုင်းဒေသကြီးပညာရေးဦးစီးဌာနမှ ကျောင်းအပ်နိုင်ရေး လုပ်ငန်းများကိုကူညီဆောင်ရွက်ပေးခဲ့ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများအား နေအိမ်လွှဲပြောင်း/လက်ခံမှတ်တမ်းများနှင့် စွမ်းအားမြှင့်မီဖိုများအား အိမ်ထောင်စုအလိုက်ပေးအပ်ခဲ့ပြီး၊ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေအိမ်များအားလှည့်လည်ကြည့်ရှု၍ စစ်ဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများသည် စက်တင်ဘာလ(၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ရောက်ရှိခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်စားသောက်ရေးအတွက် ယာယီစီမံထားရှိကာ၊ စစ်ဘေးရှောင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပုံး၊ မီးဖိုချောင်သုံးပစ္စည်း(၈)မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း(၁၁)မျိုးပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည် သုံးပစ္စည်း(၁၁)မျိုးပါအိတ်၊ စောင်၊ (၁၀)လီတာဆံ့ရေပုံး၊ တာပေါ်လင်မိုးကာစသည်တို့အား ယာယီနေရပ်စွန့်ခွာရောက်ရှိလာသော အိမ်ထောင်စု (၃၂)စုမှ လူဦးရေ(၁၀၇)ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်းနှင့် ယခုအခါ စစ်ဘေးရှောင်မိသားစုများ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် နေအိမ်များဆောက်လုပ်ကာ အိမ်ထောင်စုအလိုက် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment