ပဲခူး၊ ဒီဇင်ဘာ ၁
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day)အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခုနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် "အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့" ဖြစ်ပြီး အိပ်ချ်အိုင်ဗွီပိုးရှိရှင်သန်းသူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေးပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများမှာ ပိုမိုဆောင်ရွက်လာစေရန်နှင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသူများ၏ သာတူညီမျှအခွင့်အရေးများရရှိရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုး ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားခုခံကျကာလသားတိုက်ဖျက်ရေးစီမံချက်မှ ဦးဆောင်ပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၂၅)ကိုရေးဆွဲပြီး ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများဖြင့် စနစ်တကျပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၂၃)ခုနှစ် စစ်တမ်းများအရ အိပ်ချ်အိုင်ဗွီပိုးရှိရှင်သန်သူ(၂၈၃၀၀၀) ကျော်ရှိနေပြီး တစ်နှစ်လျှင်လူပေါင်း(၁၀၄၀၀)ကျော်ခန့် အိပ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရလျက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အချက်အလက်များအရ ပဲခူးတိုင်းဒေသကြီးတွင် အိပ်ချပ်အိုင်ဗွီပိုးထပ်မံကူးစက်သူအသစ်(၉၀၄)ဦးရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးကာကွယ်ရေးလုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အားလုံးနှင့် ကုတင်(၂၀၀) အထက်ဆေးရုံကြီး(၃)ရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေးလုပ်ငန်း၏ အဓိကဖြစ်သည့် အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်တွင် လူနာပေါင်း(၁၂၈၇၆)ဦးအား အေအာတီဆေးပေးခန်းပေါင်း (၂၆)ခုဖြင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားဘရောဂါတိုက်ဖျက်ရေးအဖွဲများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ကုသပေးလျက်ရှိကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့်ပတ်သက်၍ ခွဲခြားနှိမ့်ချဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကိုလည်းကောင်း၊ အလုပ်ရုံ၊ စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းတိုကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်မှသာ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်မှာဖြစ်လို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထိုနောက် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း က ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ပြသထားသည့် ကျန်းမာရေးပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment