ဒုတိယဝန်ကြီး ဦးဝင်းရှိန် တောင်ကြီးမြို့တွင် ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒုတိယဝန်ကြီး ဦးဝင်းရှိန် တောင်ကြီးမြို့တွင် ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်

043

044

045

တောင်ကြီး၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရေဘေးသင့်အာမခံ အလုပ်သမားများကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် ပြည်နယ်လူမှုရေးရာဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခြင်း၊ အလုပ်ခွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံ နှင့်အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်ဖွန်းမုန်တိုင်း(ရာဂီ)ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးကာ အခြေခံလူတန်းစားများ အပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေး ထိခိုက်ခဲ့ရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် လူမှုဖူလုံရေးအာမခံ အလုပ်သမားများကို နည်းလမ်းရှာ၍ ကူညီပေးအပ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန (၇၀၀)ကျော်တွင် အာမခံအလုပ်သမား (၁၀,၀၀၀)ကျော် ရှိသည့်အနက် အလုပ်ဌာန (၄၀) မှ ရေဘေးသင့် အာမခံအလုပ်သမား (၂၃၀)ဦးကို လူမှုဖူလုံရေး ငွေကြေးအကျိုးခံစားခွင့် ငွေကျပ်သန်း ၂၀.၆၈၊ အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ကျပ်သန်း ၁၀.၂၈ နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်သန်း ၁၃.၇၅ ကို သက်ဆိုင်သူများထံ ယနေ့ အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးရာဝန်ကြီးထံသို့ ရေဘေးသင့် အာမခံအလုပ်သမား (၂၃၀)ဦးအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကျပ်သန်း (၂၀.၆၈) ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် နှင့်ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုငွေများကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကိုယ်တိုင်လာရောက် ထုတ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံ အလုပ်သမားများအတွက် ဆေးကုသမှုဝန်ဆောင်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ထုတ်ပေးခြင်း၊ ခေတ်နှင့်လျော်ညီပြီး ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိရ၍ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ပိုမိုဆောင်ရွက်ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အာမခံအလုပ်သမား တစ်ဦးက လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေများကို တာဝန်များပြားသည့်ကြားမှ ကိုယ်တိုင်လာရောက်ပေးအပ်သော အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လက်ခံရယူပေးသော ပြည်နယ်လူမှုရေးရာဝန်ကြီးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားများ ကိုယ်စားလှယ်များကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages