လွိုင်ကော် ဖေဖော်ဝါရီ ၈
(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် “လွိုင်ကော်-လောပိတလမ်း” ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါ လမ်းသစ်မုခ်ဦးရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ လွိုင်ကော်မြို့နှင့် လောပိတမြို့ကို အဓိကဆက်သွယ်ထားသည့် ကတ္တရာလမ်းကို အဆင့်မြှင့်ကတ္တရာ ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်ပေးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ သယ်ယူပို့ဆောင်ရေး လွယ်ကူမြန်ဆန်စေရန်၊ အချိန်တိုအတွင်း မိမိတို့ပို့ဆောင်လိုသည့်ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ပြီး သွားရောက်လိုသည့် ခရီးကို စိတ်အေးချမ်းသာစွာဖြင့် သက်တောင့် သက်သာသွားလာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်၏မြို့တော် အင်္ဂါရပ်နှင့်အညီ ပြည်သူလူထုများ၏ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး ကဏ္ဍများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ပေးသည့် လောပိတဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံများသို့ ဆက်သွယ်ထားသည့် လမ်းမကြီးတစ်ခု ဖြစ်ပါသောကြောင့် ယခုကဲ့သို့ ကတ္တရာကွန်ကရစ်လမ်းအသစ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် လွိုင်ကော်-လောပိတလမ်း ကတ္တရာကွန်ကရစ်လမ်းသစ်အား ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ဒေသတွင်ရှိသော တိုင်းရင်းသားပြည်သူ အားလုံး၏ တည်ငြိမ်အေးချမ်းမှုကို လိုလား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့် ရရှိလာသော အသီးအပွင့်များ ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ လမ်းသစ်အား ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းသစ်ဖွင့်ပွဲမုခ်ဦးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး လမ်းသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ပြည်သူများ ကိုယ်စား လွိုင်ကော်မြို့ အောင်သီဟရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန်းပွား၊ Zumba ၊ Fitness Dance အဖွဲ့များ၊ ရိုးရာအတီးအမှုတ်အဖွဲ့များနှင့် ဒိုးပတ်အဖွဲ့များ၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် လမ်းသစ် ဖွင့်ပွဲသို့ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဖွင့်ပွဲအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကတ္တရာကွန်ကရစ် လမ်းသစ်တစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြကာ တက်ရောက်လာသော တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်ခဲ့သည့် လွိုင်ကော် - လောပိတကတ္တရာကွန်ကရစ်လမ်းသစ်အား ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး လမ်း၏ အရှည်(၂)မိုင်၊ (၁)ဖာလုံ၊ (၂၆၃)ပေ၊ အကျယ်(၁၈)ပေ ကတ္တရာကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment