မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ၂၃-၂-၂၀၂၅ ရက်နေ့က ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ဘားအံမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ သတင်းဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
ထို့နောက် လှာကပြင်ကျေးရွာရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ဆောက်လုပ်ဖွင့်လှစ်ပြီးဖြစ်သော “အလင်းတိုက်” စာကြည့်တိုက်ကို ကြည့်ရှုအားပေးပြီး ရပ်မိရပ်ဖများ၊ စာကြည့်တိုက်မှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ အားပေးမှာကြားကာ စာအုပ်စာစောင်များ လှူဒါန်းသည်။
ဆက်လက်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး စာကြည့်တိုက်နှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောက်လုပ်ပေးထားသော ဘက်စုံသုံးခန်းမတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်မှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ရုံးဝန်ထမ်းများ၊ ဖာပွန်မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့နှင့် ပိုင်ကျုံမြို့တို့မှ ဦးစီးမှူးများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထိုသို့ မှာကြားရာတွင် မြဝတီခရိုင်ဦးစီးမှူးနှင့် ကျန်မြို့နယ်များမှ ဦးစီးမှူးများကလည်း Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ထို့နောက် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် မော်လမြိုင်မြို့ သာယာအေးရပ်ကွက်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် တည်ဆောက်ဖွင့်လှစ်ထားသော “လင်းရောင်ခြည်” စာကြည့်တိုက်သို့ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် စာကြည့်တိုက်မှူးတို့အားတွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးလူငယ်များ စာကြည့်တိုက်သို့ လာရောက်စာဖတ်ကြရေး၊ စာကြည့်တိုက်ကိစ္စအပါအဝင် ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စများတွင် လူငယ်များလူမှုရေးစိတ်ဖြင့် ပါဝင်လာစေရေး စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment