ပေကျင်း၊ ဖေဖော်ဝါရီ ၂၆
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ရုရှားသမ္မတ ပူတင်နှင့် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်မတိုင်မီ မိမိနှင့် သမ္မတပူတင် တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးပြီး တစ်နှစ်ပတ်လုံး တရုတ်-ရုရှား ဆက်ဆံရေး တိုးတက်ရေးအတွက် စီစဉ်လမ်းညွှန်မှုပေးခဲ့သလို နိုင်ငံတကာနှင့် ဒေသရေးရာ အရေးကြီးကိစ္စရပ်များစွာအတွက် ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဌာနအသီးသီးက မိမိတို့ ရရှိခဲ့သော သဘောတူညီချက်များအတိုင်း တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားများ ဆောင်ရွက်ခြင်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်-ရုရှားမှာ ရွှေ့ပြောင်းမရသည့် အိမ်နီးချင်း ဖြစ်သလို အေးအတူပူအမျှဖြစ်ပြီး အပြန်အလှန်ထောက်ခံအားပေးကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြသည့် မိတ်ဆွေစစ် မိတ်ဆွေမှန်များ ဖြစ်ကြသည်ကို သမိုင်းနှင့် လက်တွေ့ ဖြစ်ရပ်က မိမိတို့အား ရှင်းလင်းစွာ ပြသခဲ့ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေးသည် အင်အားကြီးမားသော ပင်ကိုတွန်းအားနှင့် တစ်မူထူးခြားသည့် မဟာဗျူဟာ တန်ဖိုးရှိရာ တတိယဘက်ကို ဦးတည်ခြင်း မရှိသလို မည်သည့် တတိယဘက်၏ ဩဇာလွှမ်းမိုးမှုကိုလည်း ခံမည်မဟုတ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် နိုင်ငံခြားရေးမူဝါဒသည် ရေရှည်ဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ဆက်ဆံရေးသည် အေးဆေးတည်ငြိမ်စွာ ရှေ့သို့ လျှောက်လှမ်းကာ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းရေးအတွက် အထောက်အပံ့အင်အား၊ နိုင်ငံတကာဆက်ဆံရေးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအင် ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပူတင်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့်အတူ နှစ်သစ်တွင် အဆင့်မြင့်အလွှာ ဖလှယ်မှုများကို ထိန်းသိမ်းသွားရန် မျှော်လင့်သလို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများကို အတူတကွ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ရုရှားနိုင်ငံ ရေရှည် အလေးထားသည့် မဟာဗျူဟာ ရွေးချယ်မှု ဖြစ်ရာ အခြေအနေအရ ယာယီထားရှိသော အစီအစဉ် လုံးဝဥဿုံမဟုတ်ကြောင်း၊ အချိန်အခါတစ်ခုခု အကြောင်းအရာ တစ်ခုခု၏ ရိုက်ခတ်မှုကို ခံမည်မဟုတ်သသို အပြင်ဘက်အကြောင်းရင်း၏ နှောင့်ယှက်မှုကိုလည်း ခံမည်မဟုတ်ကြောင်း၊ မျက်မှောက်အခြေအနေတွင် ရုရှား-တရုတ် ဆွေးနွေးညှိနှိုင်းမှုများကို နီးကပ်စွာ ထားရှိခြင်းသည် နှစ်နိုင်ငံ ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စိတ်ဓာတ်နှင့် ကိုက်ညီသလို နိုင်ငံတကာရေးရာတွင် ရုရှား-တရုတ်သည် တည်ငြိမ်သည့် အခန်းကဏ္ဍမှ ပါဝင်သည့် အပြုသဘောအချက်ပြ သင်္ကေတလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပူတင်က ရုရှား-အမေရိကန် ထိတွေ့ဆွေးနွေးမှု နောက်ဆုံးအခြေအနေနှင့် ယူကရိန်းအကျပ်အတည်းတွင် ရုရှားနိုင်ငံ၏ မူကျသောရပ်တည်ချက်ကို မိတ်ဆက်ပြောကြားခဲ့ရာ ရုရှားဘက်က ရုရှား-ယူကရိန်း ပဋိပက္ခ အရင်းအမြစ်ကို ဖယ်ရှားရှင်းလင်းရန်၊ စဉ်ဆက်မပြတ်နှင့် ရေရှည်ဖြစ်သော ငြိမ်းချမ်းရေး အစီအစဉ် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယူကရိန်း အကျပ်အတည်း ဘက်စုံအရှိန်မြင့်တက်လာသည့် ကနဦးကာလတွင် မိမိအနေဖြင့် အကျပ်အတည်းဖြေရှင်းရေး “လုပ်ဆောင်သင့်သည့် အကြောင်း ၄ ရပ်” စသည့် အခြေခံ ခံယူချက်ကို အဆိုပြုခဲ့ကြောင်း၊ ယမန်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသည် ဘရာဇီးနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချို့နှင့်တကွ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေး ပတ်ဝန်းကျင်နှင့် အခြေအနေများကို စုစည်းဖန်တီး၍ တွန်းအားပေးခဲ့ကြောင်း၊ အကျပ်အတည်း ဖြေရှင်းရန် ရုရှားနှင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက အပြုသဘောကြိုးပမ်းမှုများကို တရုတ်နိုင်ငံက မြင်တွေ့လိုပါကြောင်း အလေးထားပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများကို နည်းလမ်းအသွယ်သွယ်ဖြင့် ဆက်လက်ထိန်းသိမ်းထားရှိရန် သဘောတူညီခဲ့ကြသည်။
REF - (Xinhua)
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment