တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

002

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခုနစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၂၁ မျိုး၊ လူသုံးကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၂၈၄၂၂၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရွှေမဲဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၆၈၁၇၈၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Pyi Phyo ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၅၉၆၆၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ မြို့အဝင်ဆိုင်းဘုတ်အနီး၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်လေးစီးနှင့် မော်တော်ဆိုင်ကယ် သုံးစီးတို့ဖြင့် သယ်ဆောင်လာသည့် တရားမဝင် စက်သုံးဆီဒီဇယ်ဆီ ၇၂၈ ဂါလန်၊ ဓာတ်ဆီ ၇၃၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၈၀၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်လေးစီးနှင့် မော်တော် ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၇၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ခြောက်တခင်းရွာ ဘုရင့်နောင်လမ်းမကြီး၊ Ready Home Co.,Ltd ၏ ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၀၀၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြေနီလမ်းရှိ ကမ်းနားဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၇၅၀၀၀၀) ကို လည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ (၃) လမ်း အမှတ် (၁၅၉၆) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၈၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၈၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်အတွင်း၌ တရား မဝင် စက်သုံးဆီဒီဇယ်ဆီဂါလန် ၈၁၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၂၀၉၇၀)၊ ချမ်းမြသာစည်မြို့နယ်အတွင်း ၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၂၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၉၄၅)၊ အောင်မြေသာစံမြို့နယ်အတွင်း၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၁၇၄ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၃၃၄၈) နှင့် ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၂၅၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၈၁၆၁၁) တို့ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် တောင်ပြိုကျေးရွာ၌ တရားမဝင် အခြားသစ် ၂ ဒသမ ၁၀၀ တန်နှင့် ဆက်စပ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၀၀၀)နှင့် ပုသိမ်ကြီး မြို့နယ် ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် မီးသွေး ၉ ဒသမ ၄၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၈၈၈)၊ အဆိုပါ မီးသွေးများ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၃၃၅၇၆၂ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၄၀၆၃၁၇၆၂) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် ဈေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည် နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိ သူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages