နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှာ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် ဖောက်ကားမှုတွေကို ပိုမိုအလေးထားပြီး ဖော်ထုတ်ဖမ်းဆီးလာတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ယခင်အစိုးရများ လက်ထက်မှာလည်း ဖော်ထုတ်ဖမ်းဆီးတာပါပဲ ဆိုပေမယ့် ဟန်ပြလောက်သာ ဖြစ်ပါတယ်။ အမြောက်အများ ဖမ်းဆီးရမိမှုဖြစ်စဉ် အင်မတန် နည်းပါတယ်။ မူးယစ်ဆေးဝါးဖော်ထုတ် ဖမ်းဆီးရမိမှုဖြစ်စဉ်တွေကို ကြည့်လိုက်ရင် AA အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှု အများဆုံးဖြစ်နေတာကိုလည်း သတင်းထုတ်ပြန်ချက်တွေအရ သိနိုင်ပါတယ်။
ယခင်အစိုးရ(ပြည်ပသြဇာခံ NLD အစိုးရ) လက်ထက် စာရေးသူတို့ ထောင်ကျနေစဉ်နေကလည်း ရန်ကုန်မြို့က AA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေ မူးယစ်ဆေးဝါး အမြောက်အများနဲ့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းမျိုး ကြားခဲ့ရဖူးတယ်။ အဲဒီအချိန်က ရေထွက်ကုန်ပစ္စည်းတွေ သယ်ဆောင်တာလိုလို ရေတိုင်ကီအပြာကြီးတွေနဲ့ မူးယစ်ဆေးဝါးတွေ ထည့်ပြီး သယ်ဆောင်သွားစဉ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်မှုမှာ အဓိက ကျတဲ့ AA အဖွဲ့ဝင်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲမှာ ရွှေဆိုင်ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့ ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုနဲ့အတူ AA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေဟာလည်း စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင်လည်း မလေးရှာကို ပို့ဖို့ စီစဉ်ထားတာကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေတဲ့ AA အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ပေါ်မှာ ဂိုဒေါင်တွေ ငှားရမ်းထားပြီး မူးယစ်ဆေးဝါးတွေ သိုလှောင်ထားတယ်။ သင်္ဘောကြီးတွေ ငှားပြီး မူးယစ်ဆေးဝါးတွေ ရခိုင်ပြည်နယ်ဘက်ကို သယ်ဆောင်တယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မလေးရှားဟာ သူတို့ရဲ့ ဈေးကွက် ရနေတဲ့ သဘောမျိုး ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ ရန်ကုန်မြို့မှာ ထပ်မံဖမ်းဆီးရမိတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတဲ့အခြေအနေက မူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေတဲ့ AA အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ လုပ်ငန်းဖော်ဆောင်မှုကို စနစ်တကျ လုပ်ဆောင်တဲ့ အခြေအနေမျိုးအထိ ရောက်နေတာကို သတိပြုမိကြဖို့ လိုပါတယ်။
သတင်းထုတ်ပြန်ချက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ် တို့ ၅ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီး နှင့် MERCEDES BENZ ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင် ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန် မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့် အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့် ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။
သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင် လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်း နှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့် တို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုး အား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင် နှင့် ဇော်ဇော်အောင် တို့အား ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်း နှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့ တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်ကိုတော့ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ ကွင်းဆက်မကျန်အောင် ဖြစ်စဉ်အစအဆုံးကို လိုက်လံဖော်ထုတ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်ဖို့ ကိုယ်ပိုင် ခရီးသည်တင်မှန်လုံယာဉ် (၁၆)စီး ရှိတယ်။ မလေးရှား ရေပိုင်နက်ကို ကိုယ်ပိုင် စက်လှေနဲ့ ပို့ဆောင်မယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် AA အကြမ်းဖက်အဖွဲ့ဟာ မူးယစ်ဆေးဝါးဖြန့်ချိရေး အင်ပါယာကို ကျယ်ပြန့်စွာ တည်ဆောက်ထားပြီးဖြစ်တာကို သိနိုင်ပါတယ်။ TNLA, MNDAA က မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ AA က ဖြန့်ချိသူ။ ဒီ အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့ လက်တွဲနေတယ်ဆိုတာလည်း မူးယစ်ဆေးဝါး ဖြန့်ချိရေး အကျိုးတူစီးပွားရေး ရှိနေခြင်းကြောင့်သာဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ AA အကြမ်းဖက်အဖွဲ့က စွန့်စွန့်စားစား ဈေးကွက်ကို ရောက်အောင် ပို့ဆောင်ပြီး ငွေကြေးအမြောက်အများ ရှာဖွေထားနိုင်ခြင်းကြောင့်လည်း အကြမ်းဖက်လှုပ်ရှားမှုအတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူထားနိုင်တဲ့ အခြေအနေကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့တော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေအပေါ်မှာ ဘယ်လိုအကြောင်းကြောင့်မှ အယုံလွယ်ပြီး လွှတ်ပေးတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ ဒီဖမ်းဆီးရမိမှု ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ ကုန်စည်ပို့ဆောင်တဲ့ကားဖြစ်စေ၊ ခရီးသည်တင်ကားဖြစ်စေ မလိုလားအပ်တဲ့ ပြည်သူတွေကို ညစ်တာမျိုး၊ ညှစ်တာမျိုး မဟုတ်ဘဲ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးကို အဓိကထားပြီး စစ်ဆေးဆောင်ရွက်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။
AA အကြမ်းဖက်အဖွဲ့ အင်အားကြီးထွားလာမှု အခြေအနေကို ထောက်ရှုခြင်းအားဖြင့် မူးယစ်ဆေးဝါး ဖြန့်ချိပြီး ငွေကြေးအမြောက်အများ ရရှိထားပြီဖြစ်ပါလိမ့်မယ်။ EAO အမည်ခံ သောင်းကျန်းသူအဖွဲ့တွေရဲ့ မရိုးသားမှုကိုလည်း အထင်အရှား မြင်နိုင်ပါတယ်။ ဒါက AA တစ်ဖွဲ့တည်းသာ မဟုတ်ပါဘူး။ တဖက်မှာ အခုလို တရားမဝင် လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တစ်ဖက်မှာ နိုင်ငံရေးပဋိပက္ခဖန်တီးတာ၊ လူမျိုးရေးပဋိပက္ခဖန်တီးတာဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။
KIA ဆိုရင်လည်း သယံဇာတခိုးထုတ်တယ်။ မူးယစ်ဆေးဝါး ဖြန့်ချိတယ်။ တဖက်မှာ လူမျိုးရေးပဋိပက္ခဖန်တီးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာတယ်။ ထိုနည်းတူစွာ KNU ဆိုရင်လည်း ရွှေခိုးထုတ်တယ်။ တရားမဝင် ကျားဖြန့်လုပ်ငန်းတွေ လုပ်တယ်။ အဲဒီလုပ်ငန်းတွေကို အစိုးရက အာရုံမစိုက်မိစေဖို့ NUG နဲ့ လက်တွဲပြီး လူမျိုးရေးပဋိပက္ခဖန်တီးတယ်။ သူတို့တွေက ရခိုင်လူထုအတွက်၊ ကရင်လူထု လွတ်မြောက်ရေးအတွက်၊ ကချင်လူထုလွတ်မြောက်ရေးအတွက် အလုပ် လုပ်နေသယောင် အသံကောင်းဟစ်ကြပါတယ်။
တကယ်တော့ သူတို့ရဲ့ တရားမဝင်လုပ်ငန်းတွေကို အစိုးရ အာရုံမစိုက်မိစေဖို့ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ ဖန်တီးကြခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေက တစ်ဖက်မှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ရမှာ ဖြစ်သလို တာဝန်ရှိသူတွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ KNU, KIA, MNDAA, TNLA, AA အစရှိသော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လုပ်ဆောင်နေတဲ့ တရားမဝင်လုပ်ငန်းတွေကို မျက်ကွယ်ပြုထားတာမျိုး မဟုတ်ဘဲ ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီး၊ တိုက်ခိုက်ဖျက်ဆီးပြီး သူတို့ရဲ့ တရားမဝင် ငွေရပေါက် ရလမ်း အားလုံးကို ဖြတ်တောက်နိုင်ပါမှ အကြမ်းဖက်လှုပ်ရှားမှုတွေ ပပျောက်သွားမယ်။ ပြည်သူများအနေနဲ့လည်း EAO အမည်ခံပြီး လူထုအတိဒုက္ခရောက်အောင် ဖန်တီးပြီး ကိုယ်ကျိုးရှာနေသူတွေရဲ့ သရုပ်မှန်ကို မှန်ကန်စွာ သိမြင်နားလည်လာကြပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment