ကိုယ့်ပြည်ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်စေဖို့ရာ တို့ဝန်တာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကိုယ့်ပြည်ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်စေဖို့ရာ တို့ဝန်တာ

077

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် သတ်မှတ်တင်စားခဲ့ကြသော်လည်း ယခုမျက်မှောက်ကာလမှာတော့ ယခင်လို ရွာရိုးကိုးပေါက် လျှောက်သွားချင်တိုင်းသွား၍မရတော့။ ရွာခံတွေကလည်း ငြူစူလာကြသည်။ ရွာသူကြီးအများစုကလည်း ရွာစည်းရိုးတွေ၊ ခြံစည်းရိုးတွေ အထပ်ထပ်ကာရံလာကြသည်။

အထူးသဖြင့် တစ်ကျော့ပြန်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ခေတ်တွင် အိမ်နီးချင်းမက္ကဆီကိုနှင့် လက်တင်အမေရိကမှ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြသော ရွှေ့ပြောင်းအခြေချသူများကို နေရပ်ပြန်ပို့ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူများကို ဖမ်းဆီးအရေးယူခြင်းများ ဆက်တိုက်လုပ်ဆောင်လာသည်။ ထို့အတူ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာကိုလည်း တင်းကျပ်ခဲ့သဖြင့် ယခင်သို့နှယ် အလွယ်တကူ ဝင်ရောက်ဖို့ မလွယ်ကူတော့ပေ။

ဆင်သွားလျှင် လမ်းဖြစ်ဆိုသလို ဥရောပကလည်း အမေရိကန်လမ်းကြောင်းနောက် ဖဝါးထပ်မျှလိုက်ပါရန် ခြေလှမ်းပြင်လာပြန်သည်။ ယခုရက်ပိုင်းအတွင်း ဂျာမနီနိုင်ငံမြူးနစ်မြို့တွင် ကျင်းပသော လုံခြုံရေးညီလာခံတွင်လည်း အမေရိကန်ဒုတိယသမ္မတ JD Vance က ဥရောပနှင့် အမေရိကန်တို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအားလုံးထဲတွင် ရွှေ့ပြောင်းအခြေချသူများ အရေးလောက်ကြီးမားတာ ဘာမျှမရှိဟု ပြောကြားခဲ့ပြန်သည်။

JD Vance က လတ်တလော မြူးနစ်မြို့တွင် အာဖဂန်မှရွှေ့ပြောင်းအခြေချသူတစ်ဦးက လူအုပ်ထဲ ကားနှင့် ဝင်တိုက်ခဲ့သည့်အတွက် လူ ၃၀ ထက် မနည်းဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကို ထောက်ပြပြီး ဥရောပမှ ရွှေ့ပြောင်းအခြေချသူများအရေးကို သေသေချာချာကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်ဟုလည်း သတိပေးပြောကြားခဲ့သည်။


လဝက ဥပဒေများကို တင်းကျပ်ရန်တောင်းဆို

ဩစတြေးလျအထက်လွှတ်တော်အမတ်တစ်ဦးကလည်း အစိုးရအနေဖြင့် တရားမဝင်နိုင်ငံခြားသားများကို ၎င်းတို့၏နေရပ်များသို့ပြန်ပို့ရန်နှင့် လဝကဥပဒေများကို တင်းကျပ်ရန် တောင်းဆိုလာပြန်သည်။ အကြောင်းပြချက်က နိုင်ငံသားများအနေဖြင့် အိမ်ပိုင်ဆိုင်မှုနည်းပါးခြင်း၊ အလုပ်သမားလုပ်အားခများ လျော့နည်းလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်လျှင် ဈေးပေါသော နိုင်ငံခြားသားအလုပ်သမားများနှင့် ယှဉ်ပြိုင်နေရခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ ပညာတော်သင်ဗီဇာအပါအဝင် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ခြင်း၊ ဗီဇာကိုင်ဆောင်ထားသော်လည်း ဥပဒေချိုးဖောက်သူမည်သူကိုမဆို နေထိုင်ခွင့်ဗီဇာရုပ်သိမ်းရန်၊ ပြည်နှင်ဒဏ်ပေးရန်၊ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးခံစားခွင့်များကို ရှစ်နှစ်သတ်မှတ်ရန်၊ အစွန်းရောက်အယူဝါဒများ ကျင့်သုံးသောနိုင်ငံများမှ ရွှေ့ပြောင်းဝင်ရောက်လာမှုများကို ငြင်းပယ်ရန်နှင့် နယ်စပ်များကို ပြန်လည်ထိန်းချုပ်ရန်  စသည်ဖြင့် တောင်းဆိုခဲ့သည်။

ဗြိတိန်နိုင်ငံကလည်း ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့်ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာသဖြင့် လတ်တလောကမ္ဘာ့အခင်း အကျင်းပြောင်းလဲမှုများနှင့်ဆက်စပ်၍ နိုင်ငံရေးသုတေသီများ၊ ပညာရှင်များက အမျိုးသားဝါဒအားကောင်းလာမှုနှင့်အတူ လစ်ဘရယ်ဝါဒနှင့် နိုင်ငံတကာလစ်ဘရယ်အခင်းအကျင်း၏ ကျရှုံးခန်းဖြစ်လာလေမလားဟု သုံးသပ်လာခဲ့ကြသည်။

တစ်ဆက်တည်းမှာပင် အမေရိကန်က ၎င်းနှင့်အကျိုးတူ ပနံစားသော နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးသို့ ပေးအပ်နေခဲ့သော အထောက်အပံ့အကူအညီများကို ရပ်ဆိုင်းခဲ့ပြန်သည်။ အင်အားကြီးနိုင်ငံများ ပေးအပ်သောအကူအညီများမှာ များသောအားဖြင့် နှောင်ကြိုးပါစမြဲပင်။ နှောင်ကြိုးမဲ့ အထောက်အပံ့အကူအညီဆိုသည်က ရှားပါးလှဘိသည်။

သို့ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေးအတွက် ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းကြရပေမည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကြီးပွားတိုးတက်ရေးအတွက် ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်မြို့ကိုယ်ပြင်၊ ပြည်တစ်ခွင်စည်ပင်ဖို့အရေး အမျိုးသားရေးအမြင်ဖြင့် တွေးမြင်ကြရပေမည်။


လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းချိန်တန်ပြီ

အထူးသဖြင့် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံအနေဖြင့်လည်း ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ ဝါဒစွဲများကိုအကြောင်းပြု၍ နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းချိန်တန်ပြီဟု ဆိုရပေမည်။

ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ဉာဏ်ပညာအမြော်အမြင်နှင့် ဆင်ခြင်တုံတရားရှိဖို့လိုသည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အတုယူသင့်သည်ကို အတုယူကြရပေမည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တန်၏ တရုတ်ပြည်ခရီးစဉ် အတွင်းနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် တရုတ်ခရီးသွားများနိုင်ငံအတွင်း ပိုမိုဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများက အားကျအတုယူဖွယ်ကောင်းလှသည်။

ဒေသတွင်းနိုင်ငံများက ၎င်းတို့၏ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အကျိုးရှိမည်ဆိုလျှင် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးဖြစ်ဖြစ် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို လက်ကမ်းကြိုဆိုလျက်ရှိသော်လည်း ဒေသတွင်းပထဝီအနေအထားအရ အချက်အချာကျပြီး ရေသယံဇာတ၊ မြေသယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့်မူ အခွင့်အလမ်းကောင်းများစွာကို ယခုတိုင်လက်လွှတ် ဆုံးရှုံးမစဲရှိနေဆဲပင်။

အရာရာကို နိုင်ငံရေးအမြင်တစ်ခုတည်း ရှေ့တန်းတင်၍ တစ်ဖက်သတ်ရှုမြင်၍မရနိုင်ပေ။ မြန်မာနိုင်ငံအတွက် အကျိုးစီးပွားရှိမည့် အခွင့်အလမ်းများမှာ ပထဝီနိုင်ငံရေးလွန်ဆွဲမှုအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဘာအရေး၊ ညာအရေးဟူသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိသော ကမ်ပိန်းများအတွင်း ချာချာလည်၍ လမ်းပျောက်ခဲ့ရသည်။

သို့နှင့် ဆယ်စုနှစ်များစွာကြာသောအခါ အကျိုးဆက်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ လက်တွန့်လာကာ အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာများ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုများ ဆင့်ပွားအကျိုးခံစားခွင့်ရနိုင်မည့်ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ မျှော်မှန်းသလောက်မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ နိုင်ငံအတွင်းအလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ် လူငယ်လူရွယ်များစွာမှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် မလေးရှား၊ စင်ကာပူ စသည့်ဒေသတွင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် မျက်နှာငယ်စွာ လုပ်ကိုင်ရုန်းကန်နေခဲ့ကြရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ တရားဝင်ရော တရားမဝင်ပါ ရွှေ့ပြောင်းလုပ်သား အများအပြား သွားရောက်အလုပ်လုပ်ကိုင်ရာ ဒေသတွင်း မလေးရှားနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့ကလည်း လူဝင်မှုကြီးကြပ်ရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ အထူးတင်းကျပ်ကြပ်မတ်လာကြသည်။ ထိုင်းနိုင်ငံသားအချို့ကလည်း မြန်မာနိုင်ငံသားများ တရားမဝင်ဝင်ရောက်နေထိုင်မှုအပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြတောင်းဆိုလာကြသည်။ ယခုရက်ပိုင်းအတွင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသော မြန်မာနိုင်ငံသားအများစုမှာ လမ်းခရီးမှာပင် အတော်များများဖမ်းဆီးခံခဲ့ကြရသည်။ ယင်းတို့အနက် အရွယ်ကောင်း မြန်မာလူငယ်အများစုပါဝင်သည်။


မိုးကောင်းကင်အောက်က အိမ်လေးတစ်အိမ်

လက်လှမ်းမီရာ ကမ္ဘာ့အခင်းအကျင်းများကို လေ့လာမျှော်ကြည့်ရင်းတစ်ချိန်က နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုတွင် ကမ္ဘာကျော်ရုပ်ရှင် သရုပ်ဆောင်ဂျက်ကီချန်း သီဆိုခဲ့သော သီချင်းတစ်ပုဒ်ကို အမှတ်ရလာမိသည်။ ဂျက်ကီချန်းက နိုင်ငံတစ်နိုင်ငံကို မိုးကောင်းကင်အောက်က  အိမ်လေးတစ်အိမ်နှင့် ဥပမာပေးခိုင်းနှိုင်းထားသည်။ အင်အားကြီးမားသည့်နိုင်ငံဖြစ်ပါမှ ချမ်းသာကြွယ်ဝသည့်အိမ်တွေ နိုင်ငံအတွင်း ရှိလာလိမ့်မည်ဟုလည်း ဆိုသည်။

“နှလုံးသားထဲဝယ် တိုင်းပြည်ချစ်စိတ်အပြည့်နဲ့ တွဲလက်တူညီစွာထောက်ပံ့ထားတယ်။ အိမ်ဆိုတာ သေးငယ်တဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး နိုင်ငံဆိုတာကတော့ ထောင်သောင်းမကသော အိမ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့။ ကမ္ဘာမြေကြီးပေါ်က နိုင်ငံတစ်နိုင်ငံဆိုတာ မိုးကောင်းကင်အောက်မှာတော့ အိမ်လေးတစ်အိမ်လိုပါပဲ။

“အင်အားကြီးမားတဲ့နိုင်ငံဖြစ်ပါမှ ချမ်းသာကြွယ်ဝတဲ့အိမ်တွေ နိုင်ငံမှာရှိလာပါလိမ့်မယ်။ နိုင်ငံဆိုတာ ဂုဏ်ယူစရာအင်အားနဲ့ ပြယုဂ်လို့ဆိုရင် အိမ်ဆိုတာ စိတ်ချမ်းမြေ့ခြင်းရဲ့ သင်္ကေတလေးပေါ့။ နိုင်ငံရဲ့မြေတစ်လက်မတိုင်း၊ အိမ်ရဲ့အမှတ်အသားတစ်ခုတိုင်းကို နိုင်ငံနဲ့အိမ်ကို အတူတကွထားရှိ လိုက်တဲ့အခါ အံ့ဩစရာကမ္ဘာကြီးတစ်ခုကို ဖန်တီးလိုက်နိုင်တာပေါ့။

“နိုင်ငံဆိုတာ ကျွန်ုပ်၏နိုင်ငံပါ။ အိမ်ဆိုတာ ကျွန်ုပ်၏နေအိမ်ပေါ့။ ကျွန်ုပ်၏ နိုင်ငံကို ကျွန်ုပ်မြတ်နိုးသလို ကျွန်ုပ်အိမ်လေးကိုလည်း ကျွန်ုပ် ချစ်မြတ်နိုးပါတယ်။ ကျွန်ုပ်၏ အမိနိုင်ငံတော်ကို ကျွန်ုပ်ချစ်မြတ်နိုးပါသည်။”

သီချင်းသံစဉ်စာသားသာမက ဂျက်ကီချန်း၏ အမျိုးသားရေးအားမာန်အပြည့်ပါသော တက်ကြွသည့် ဟန်ပန်အမူအရာကလည်း ကြည့်ရှုသူပရိသတ်အပေါင်းကို ဇာတိမာန်တက်ကြွစေပါသည်။

“အမျိုးသားရေးကြိုးပမ်းကြပါ တို့ဗမာ -- ဟေ့ တို့ဗမာ၊ ဪအမျိုးသားရေးကို ကြိုးပမ်းကြပါ တို့ဗမာဟေ့ တို့ဗမာ --- အရှေ့က နေဝန်း --- ထွက်သည် ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ --- တို့ဗမာဟေ့ တို့ဗမာ၊ ဗမာပြည်တစ်ဝန်း အကုန်တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ အဲဒါ တို့ဗမာ” စသည့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလက သမိုင်းဝင်ထင်ရှားခဲ့သော ဝိုင်အမ်ဘီဆရာတင်၏ “တို့ဗမာ” သီချင်းတွင်လည်း “ငါတို့မြန်မာတွေဟာ အခိုက်အတန့်အခါမှာ အင်္ဂလိပ်ကျွန်ဖြစ်နေရပေမယ့် ငါတို့ဟာ တကောင်းအဘိရာဇာလက်ထက်ကစပြီး မြန်မာပြည်ကိုပိုင်လာခဲ့ကြတာ။ ငါတို့ဟာ ရာဇဝင်အရိုင်းခံပြီး ဘာလို့အညံ့ခံနေကြရမှာလဲ။ ငါတို့ဟာ နောင်လာနောက်သားကောင်းစားရေးအတွက် ကိုယ်ကျိုးကိုစွန့်လွှတ်ပြီး ညီညီညာညာကြိုးပမ်း အားထုတ်ကြလျှင် အရှေ့လောကဓာတ်မှ ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းကြီးထွက်ပေါ်လာသလို ငါတို့ဟာလွတ်လပ်သည့် အမျိုးသားဘဝကို ပြန်ပြီးရကြလိမ့်မည်”ဟူသော အဓိပ္ပာယ်ဖြင့် မြန်မာတစ်မျိုးသားလုံးကို တပ်လှန့်နှိုးဆော်ခဲ့ပါသည်။


စောင့်ရှောက်ကြပါ၊ ကာကွယ်ကြပါ

ထို့အတူ မြန်မာတိုင်းရင်းသားအပေါင်းကိုလည်း မြန်မာပြည်တစ်ဝန်းလုံးအကုန် တို့အိမ်တို့ရွာမှတ်ပြီး ချစ်ခင်ကြပါ၊ စောင့်ရှောက်ကြပါ၊ ကာကွယ်ကြပါဟူ၍လည်း သတိပေးနှိုးဆော်ခဲ့ပြန်ပါသည်။

မှန်ပါသည်။ မြန်မာမှန်သရွေ့ ဇာတိချက်ကြွေမွေးရပ်မြေကို ချစ်ခင်မြတ်နိုးလေ့ရှိပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်မြေကို စွန့်ခွာ၍ ရေကြည်ရာမြက်နုရာ တိုင်းတစ်ပါးသို့ သွားရောက်လုပ်ကိုင်နေထိုင်ကြရပါသော်လည်း မြန်မာစိတ်မပျောက်သူမှန်သရွေ့ ဇာတိချက်ကြွေမွေးရပ်မြေ မြန်မာနိုင်ငံကို အောက်မေ့အမှတ်ရ တမ်းတလွမ်းကြစမြဲပင်။ အချိန်တန်လျှင် အိမ်ပြန်ချင်ကြပါသည်။ တတ်များတတ်နိုင်မည်ဆိုလျှင် ၁၂ လရာသီပွဲတော်များ၊ တိုင်းရင်းသားဓလေ့ရိုးရာယဉ်ကျေးမှုပွဲတော်များဖြင့် အစဉ်ထာဝရစည်ကားပြီး အေးချမ်းပျော်ရွှင် ဖွယ်ကောင်းသော ကိုယ့်နိုင်ငံအတွင်းမှာပင် နေထိုင်လုပ်ကိုင် စားသောက်လိုကြပါလိမ့်မည်။

သို့ဆိုလျှင် နိုင်ငံအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာအောင် လုပ်ကိုင်ကြံဆောင်ကြရပေမည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာဖို့ဆိုလျှင် ဒေသတွင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသော ဝန်းကျင်ကောင်းတစ်ရပ်ရှိရန် ဦးစွာလိုအပ်ပေသည်။ သို့မှသာ လူ့စွမ်းအားအရင်းအမြစ်များအပါအဝင် လိုအပ်သော အခြေခံအဆောက်အအုံများကို ဖန်တီးဖော်ဆောင်နိုင်ပေလိမ့်မည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်၍မရနိုင်ပါ။ သွေးထိုးလှုံ့ဆော်သူများ အစဉ်တစိုက် နှုတ်တိုက်ရိုက်သွင်းထားသော နိုင်ငံရေးသဘောတရားတစ်ခုတည်းဖြင့်လည်း ရှုမြင်သုံးသပ်၍မရနိုင်ပါ။ နိုင်ငံ့အရေးအတွက်ဆိုလျှင် အမြင်ကျယ်ကျယ် ရှုမြင်သုံးသပ်တတ်ဖို့လိုပါသည်။ ။


မောင်ကမ္ဘာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages