နိုင်ငံတိုင်းတွင် အမျိုးသားနိုင်ငံရေး၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေးတာဝန်များဟူ၍ ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်ရပ်တည်မှုကိုယ်စီရှိကြသည်။ နိုင်ငံတစ်နိုင်ငံ အင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်သည်ဆိုသည်မှာ ထိုကိုယ်ပိုင်ရပ်တည်ချက်များ တိကျခိုင်မာပြတ်သားခြင်းကြောင့် ဖြစ်ပါသည်။
ကိုယ့်နိုင်ငံအကျိုးစီးပွားက ဘာလဲ၊ ကိုယ့်တာဝန်ကဘာလဲ မပြတ်သားသရွေ့၊ မတိကျသရွေ့ ရပ်တည်ချက်ခိုင်မာမည်မဟုတ်၊ ရပ်တည်ချက် မမှန်သည့် နိုင်ငံများ စည်းလုံးမှုမရှိ၊ ညီညွတ်မှုပြိုကွဲပြီး နိုင်ငံကျဆုံးရသည့်အခြေအနေအထိ ရောက်ကြရသည့် သမိုင်းသင်ခန်းစာအမြောက်အမြား ကမ္ဘာမှာ ရှိခဲ့၊ ရှိဆဲဖြစ်သည်။
သုတေသီများက သင်ခန်းစာဖော်ထုတ်ကြသည့်အခါ နိုင်ငံပြိုကွဲပျက်စီးသည်အထိ အဆုံးသတ်ရသည့် နိုင်ငံတိုင်းမှာ တပ်မတော်ပြိုကွဲသွားခြင်းက အကြောင်းရင်းတစ်ခုဖြစ်ပြီး ခေါင်းဆောင်များ၏ အမြော်အမြင်နည်းပါးမှု၊ တပ်တွင်းမစည်းလုံးမှုနှင့် တိုက်ခိုက်ရေးစိတ်ဓာတ်မရှိမှု၊ ရန်သူနှင့် ပူးပေါင်းမိသည့် သစ္စာဖောက်လုပ်ရပ်များက အခြားလွှမ်းမိုးသော အကြောင်းတရားများအဖြစ်ပါဝင်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။ ပဋိပက္ခမျိုးစုံဖြစ်သည့်နိုင်ငံ၊ မညီညွတ်သည့်နိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး ဘယ်လိုပင် ပရမ်းပတာဖြစ်နေသည်ဆိုစေ ထိုနိုင်ငံ၏ အမြဲတမ်းတပ်မတော်ကြီး ခိုင်မာအားကောင်းနေသရွေ့၊ စည်းလုံးညီညွတ်နေသရွေ့ ထိုတိုင်းပြည်၊ ထိုနိုင်ငံ ဘယ်တော့မှ ပြိုကွဲပျက်စီးမည်မဟုတ်ပါ။
မငြိမ်းချမ်းခြင်းအကြောင်းတရားများ
မြန်မာနိုင်ငံအတွက်ကော မည်သို့ယူဆနိုင်မည်နည်း။ သမိုင်းတွင် ခေါင်းဆောင်မှု ညံ့ ၊ အုပ်ချုပ်မှု ညံ့၍၊ စည်းလုံးညီညွတ်မှုမရှိ၊ ခေတ်မီတပ်မတော်မရှိ၍ နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ဖြစ်ခဲ့ရသည့်နိုင်ငံ၊ လွတ်လပ်ရေးရပြီး လပိုင်းအတွင်း သန္ဓေတည်သောင်းကျန်းခဲ့ကြသည့် ပြည်တွင်းသူပုန်ထမှုနှင့် မငြိမ်းချမ်းမှုဝဲသြဃထဲ တဝဲလည်လည် အမြဲရှိနေသည့် နိုင်ငံ၊ နိုင်ငံရေးသမားတွေ မညီညွတ်ခဲ့ကြ၍ နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့ကြ၍ ပြည်ထောင်စုပြိုကွဲမည့်အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲမည့်အရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးအန္တရာယ်များ အကြိမ်ကြိမ်ကြုံခဲ့ရသည့်နိုင်ငံ...။
ထို့ကြောင့်လည်း လွတ်လပ်ရေးရပြီး ၇၇ နှစ် ရှိခဲ့သည့်တိုင် တိုင်းပြည်က မငြိမ်းချမ်းခဲ့၊ ဖွံ့ဖြိုးဆဲသံသရာမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်က များသည်။ အလုံးစုံ ပျက်သုဉ်းပြိုကွဲမည့်အရေး အကြိမ်ကြိမ်နီးခဲ့သလို အကြိမ်ကြိမ်လည်း ကယ်တင်ခဲ့ရသည်။ မြန်မာ့သမိုင်းမှာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ ခုနှစ်ကာလများတွင် တိုင်းပြည်၌ အဆိုးရွားဆုံးအခြေအနေများ ကြုံခဲ့ရသည်၊၊ နိုင်ငံရေးသမားများ အကွဲကွဲအပြားပြားဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကြုံရသည့် ထိုကာလများတွင် စနစ်တစ်ခု၏ အားနည်းချက်များ ထင်ရှားပေါ်လွင်ခဲ့သည်။
တိုင်းပြည်တည်ငြိမ်မှုမရှိ၊ ပျက်စီးမည့်အခြေအနေများ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရသည်။ အားပြိုင်၊ အပြုတ်တိုက်၊ အပြန်အလှန်ကလဲ့စား နိုင်ငံရေးညစ်လုံးများအောက်မှာ အချို့နိုင်ငံရေး ခေါင်းဆောင်များ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ဖျက်ဆီးသလို ပြုမူကြသည်ကို မရိပ်မိကြ။ ကိုယ့်အခြေအနေ ကိုယ်မသိနိုင်လောက်အောင်ပင်ဖြစ်ခဲ့ရသည်။ ထိုခေတ်ထိုအခါက နိုင်ငံတွင် ပြဿနာဗရပွနှင့် ပဋိပက္ခမျိုးစုံကို ဖြေရှင်းနိုင်စွမ်းမရှိခဲ့ကြ၊ နိုင်ငံကို ကယ်တင်မည့်နည်းလမ်းမရှိခဲ့သလို ကယ်တင်မည့် နိုင်ငံရေးသမားလည်း မရှိခဲ့ကြပါ၊ မပြတ်သားလျှင် လွတ်လပ်ရေးဆုံးရှုံးမည့် အန္တရာယ်ကို တပ်မတော်ဆိုသည့် အင်စတီကျူးရှင်းတစ်ခုကသာ ဝင်ရောက်ဖြေရှင်းခဲ့ရသည်။ ဖြေရှင်းသည်ဆိုသည်မှာ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာ တာဝန်ယူရခြင်းပင်ဖြစ်သည်။ သမိုင်းပေးတာဝန်အရလည်း ဖြစ်ခဲ့သည်။
စစ်ပွဲမဟုတ်သည့်စစ်ပွဲများအပါအဝင်ဆင်နွှဲ၍
လက်ရှိ ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလများကား တပ်မတော်ကော ပြည်သူပါ ခက်ခက်ခဲခဲ ရုန်းကန်ရသည့် အခြေအနေများဖြစ်သည်။ ပြည်တွင်း ပြည်ပ ဖိအားများ တစ်ပြိုင်တည်း ရင်ဆိုင်နေရသည့် ပြဿနာများကို တပ်မတော်မှလွဲ၍ မည်သူဖြေရှင်းနိုင်မည်နည်း။ နိုင်ငံတကာမျက်နှာစာမှာလည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုများကြား အခြေအနေက အများကြီးမကောင်းလှ။ စစ်ရေး၊ စီးပွားရေး အင်အားအပြိုင်အဆိုင်တည်ဆောက်ကြပြီး ကမ္ဘာအနှံ့တင်းမာမှုမမြင့်တက်သည့် နေရာဟူ၍လည်းမရှိ။
ပထဝီနိုင်ငံရေးအားသာချက်ယူချင်သည့် ပြည်ပအားပြိုင်မှုများအောက်မှာ proxy အဖြစ်မခံရန်နှင့် နိုင်ငံအချုပ်အခြာ ပဲ့ပါမသွားရန် ကြိုးစားကာကွယ်နေသည်မှာလည်း တပ်မတော်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (Telecom fraud) ခေါင်းစဉ်အောက်တွင် စစ်နယ်ရှင်လက်နက်ကိုင်များ၏ နိုင်ငံအား ဖြိုခွဲဖျက်ဆီးမှုများစွာကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖျက်သမားအုပ်စုများကို သဘောထားကြီးကြီးဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA သဘော တူညီချက်များအတိုင်း လက်တွဲပါဝင်လာအောင်လည်း ဦးတည်ဆောင်ရွက်နေရသည်။ နိုင်ငံတော်ကာကွယ်ရေးတစ်ခုတည်းမဟုတ်၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လုံခြုံမှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအစုံကူညီဆောင်ရွက်ပေးနေသည်မှာ ထင်ရှားမြင်သာပါသည်။
နိုင်ငံအခြေအနေအရ ဘယ်နယ်ပယ်မှာမှ လစ်ဟင်း၍မရ၊ တတ်နိုင်သမျှ ပြည်သူကို ကူညီစောင့်ရှောက်ရမည်ကို တပ်မတော်က သိပါသည်။ တပ်မတော်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) နှင့် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တို့က ပြည်သူအကျိုးပြုသက်သေများပါပဲ။ ကျန်းမာရေးနှင့်ပတ်သက်၍ သူတို့ကူညီမှုက ဘယ်လောက်ထိရောက်မှုရှိနေသလဲ၊ ဒေသခံပြည်သူတွေ အသိဆုံးဖြစ်သည်။ မြစ်တွင်းသွား ကျန်းမာရေးစောင့်ရှောက်မှု ၁၉ ကြိမ်၊ ပင်လယ်သွား ၁၈ ကြိမ်အထိ စစ်ပွဲမဟုတ်သည့် စစ်ပွဲများဆင်နွှဲပြီး နိုင်ငံတစ်နံတစ်လျားက သိန်းနှင့်ချီသည့် ဒေသခံပြည်သူများကို ထိထိရောက်ရောက် အကူအညီများ ပေးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ကိုဗစ်အပါအဝင် ရောဂါကပ်သဘာဝကပ်ဘေးများ ကျရောက်တိုင်း အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ခဲ့ကြသည်။ ကာကွယ်ရေးအပြင် ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များက နိုင်ငံဖွံ့ဖြိုးမှုကို ထင်ဟပ်နေပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး ကြိုးပမ်းမှုများအပေါ် သက်ရောက်မှုအတိုင်းအတာတစ်ခုရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ရုပ်ပိုင်းစိတ်ပိုင်းအင်အားများဖြင့် တည်ဆောက်နေသည့် ကာကွယ်ရေးအင်အား
သို့သော် ပဋိပက္ခပေါင်းစုံ၊ ဖိအားမျိုးစုံ၊ အနာဂတ်စိန်ခေါ်မှုများကြားမှာ နိုင်ငံအတွက်ရှိနှင့်ပြီးသား အပေါင်းလက္ခဏာဆောင်သော အင်အားနှင့် အခွင့်အလမ်းမှန်သမျှကို အကောင်းဆုံးအသုံးပြုနိုင်စွမ်းရှိဖို့တော့ လိုအပ်မည်ဖြစ်သည်။ ဤတွင် တပ်မတော်ဟူသည့် အဓိကမဏ္ဍိုင်ကြီးက နိုင်ငံ၏အင်အားအစစ်အမှန်ဖြစ်နေခဲ့သည်။ ကာကွယ်ရေးနှင့် လေ့ကျင့်ရေးက အဓိကတာဝန်ဆိုသော်လည်း ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဘာသာသာသနာ၊ လမ်းတံတား ပြုပြင်တည်ဆောက်မှုမှအစ အားလုံးသော ပြည်သူအကျိုးပြုကဏ္ဍများစွာမှာ ပါဝင်ထမ်းရွက်နေရသည့် အတိုင်းအတာကို မြင်အောင်ကြည့်ဖို့လိုပါမည်။
ဤနိုင်ငံ၏ ထူးခြားသောအခြေအနေ၊ နောက်ခံသမိုင်းကြောင်းအရ လိုအပ်သည့်နေရာတိုင်းမှာ တပ်မတော်၏ တာဝန်တစ်ရပ်နှယ်ခံယူ၍ ပါဝင်ကူညီနေခြင်းပင်ဖြစ်သည်၊၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာ မပါလျှင်မဖြစ်သော အင်စတီးကျူးရှင်းတစ်ခုဖြစ်သည့်အလျောက် ခေတ်မီပြီး အင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေး လက်ရှိကော အနာဂတ်မှာပါ ကြိုးပမ်းတည်ဆောက်နေရမည်ဖြစ်သည်ကို နားလည်သဘောပေါက်ထားရပါမည်။ အရေးပေါ် ကာလတွင် ပြည်သူပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာ၊ ခေတ်နှင့်လျော်ညီသော နည်းပညာနှင့် စစ်နည်းဗျူဟာများ၊ အထက်အောက်ဆက်ဆံရေး၊ တပ်တွင်းတပ်ပြင်စည်းရုံးရေးနှင့် တပ်တွင်းစည်းလုံးညီညွတ်မှု၊ တိုက်ခိုက်ရေးစိတ်ဓာတ်၊ အမိန့်နာခံကောင်းမွန်မှုနှင့် စည်းကမ်းသေဝပ်မှု၊ ထိုက်တန်သော ဂုဏ်ပြုမှုများဖြင့် ပြည်တွင်းကာကွယ်ရေးအင်အားကို ခိုင်မာအောင်တည်ဆောက်နေခြင်းဖြစ်သည်။
သမိုင်းသင်ခန်းစာလည်း များစွာရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်ပမိတ်ဆွေကောင်းများနှင့် ပူးပေါင်း၍လည်း အခွင့်အလမ်းကောင်းများ
ရှာဖွေကာ ခေတ်မီကာကွယ်ရေးအင်အားကို ကြိုးပမ်းတည်ဆောက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံကာကွယ်ရေးအင်အားတွင် ရုပ်ပိုင်းဆိုင်ရာအင်အားအပြင် စိတ်ဓာတ်အင်အားသည်လည်း အလွန်ပင်အရေးကြီးကြောင်း အတိတ်နှင့် လက်ရှိဖြစ်စဉ်ဖြစ်ရပ်များစွာမှ သင်ခန်းစာရနိုင်ပါသည်။ လက်နက် လူအင်အားချို့တဲ့စေကာမူ ခေါင်းဆောင်မှုကောင်းဖြင့် တိုက်ချင်ခိုက်ချင်စိတ်ပြင်းပြပြီး သစ္စာရှိ၊ စည်းကမ်းကောင်းလျှင် မည်သို့သောရန်သူဖြစ်ပါစေ အနိုင်ယူခဲ့သည့် သင်ခန်းစာများရှိပါသည်။
စိတ်ဓာတ်အင်အားအသာစီးကြောင့်ပဲ ရန်သူကို အနိုင်ရခြင်းဖြစ်သည့်အတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ တပ်မတော်က အားတစ်ခုအဖြစ် ဘာကြောင့်အမြဲရပ်တည်နေရသလဲဆိုသည့် မေးခွန်းတွင်လည်း ဤစိတ်ဓာတ်မည်သော အဖြေကိုပဲ ပေးရပါလိမ့်မည်။ နိုင်ငံနှင့် အမျိုးချစ်စိတ်ဖြင့် နိုင်ငံနှင့် ပြည်သူအတွက်ဆို အသက်ပေးရဲသည့် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းရင်းသားတို့အပေါ် ထားသည့်စေတနာ၊ တပ်မတော်အပေါ် သစ္စာရှိမှုနှင့် စွန့်လွှတ်စွန့်ဝံ့သည့် ရဲဘော် ရဲဘက်ချင်းအသက်ပေးရဲသည့် အဖွဲ့အစည်းစိတ်ဓာတ်၊ ခေါင်းဆောင်တို့၏ အမြော်အမြင်နှင့် အုပ်ချုပ်မှုစွမ်းရည်၊ လက်ရုံးရည်နှလုံးရည်အပြည့်ဖြင့် စစ်စည်းရုံးနိုင်စွမ်း၊ ရန်သူမိမိအခြေအနေအရပ်ရပ်ကို သိမြင်သုံးသပ်နားလည်နိုင်စွမ်း၊ တစ်နေ့ ၂၄ နာရီအပြည့် တာဝန်ရှိစိတ်ခံယူနိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှုနှင့် ပညာရပ်အလိုက် ကျွမ်းကျင်လိမ္မာမှု... စသည် စသည် စိတ်ဓာတ်ကောင်းလျှင် အောင်ပွဲဆင်နိုင်စွမ်း၍ စိတ်ဓာတ်အပေါ်မှာ ပညာဉာဏ်ဆင့်နိုင်လျှင်ဖြင့် နိုင်ငံအကျိုးပြုမည်သည့်အဖွဲ့အစည်းဖြစ်ပါစေ အောင်ပွဲဆင်နိုင်မည်ဖြစ်သလို အချက်အချာနေရာတွင်လည်း အမြဲရပ်တည်နေနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဤအရည်အချင်း၊ ဤစေတနာများကြောင့်ပင် တပ်မတော်သည် နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ သမိုင်းပေးတာဝန်အရ တာဝန်ယူနေရခြင်း ဖြစ်မည်ဟုယုံကြည်ပါသည်။ မြန်မာတပ်မတော်ကဲ့သို့ နိုင်ငံအနှံ့၊ ဒေသအနှံ့သူပုန်အဖွဲ့များစွာနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ခိုက်နေရသည့် တပ်မတော်ဟူ၍လည်း ကမ္ဘာမှာ တစ်နိုင်ငံမှ မရှိခြင်းကို လက်ခံနိုင်ရမည်ဖြစ်သည်။
ဖိအားအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြားမှာ အလွန်အလုပ်များသည့် တပ်မတော်တစ်ရပ်ပါပဲ။ ထို့ကြောင့်လည်း နိုင်ငံအနှံ့ကာကွယ်ရေးအင်အား တည်ဆောက်ပြီး ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်သူအကျိုးပြုအလုံးစုံဆောင်ရွက်နေရသည့် တပ်မတော်တစ်ရပ်အနေနှင့် အားနည်းချက်၊ ပြစ်ချက်များနှင့်အတူ ပြုပြင်စရာများ မရှိမဟုတ် ရှိနေမည်သာဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ဤပြည်ထောင်စုကြီးအတွင်း နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားအားလုံးတွင် ဖော်ပြပါစိတ်ဓာတ်မျိုး၊ ပညာဉာဏ်နှင့် အမြော်အမြင်၊ နိုင်ငံသားပီသသည့် အရည်အသွေးများ ကောင်းစွာပိုင်ဆိုင်လာပြီး စည်းလုံးညီညွတ်လာကြသည့် တစ်နေ့အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ကျွန်တော်တို့နိုင်ငံသားအားလုံးလည်း တပ်မတော်နှင့်အတူ လက်တွဲပါဝင်လာနိုင်မည်ဟု ယုံကြည်ပါသည်။
ဘေးအန္တရာယ်အသွယ်သွယ်ကို ခါးခါးသီးသီးကြုံတွေ့လိုက်ရသည့် ဒေသခံပြည်သူများကမူ တပ်မတော်၏ သဘောထားအမှန်ကို နားလည်လက်ခံသွားကြပါပြီ။ အရေးကြီးသည်မှာ ပြည်သူတစ်ရပ်လုံးပါဝင်လာဖို့ပင်။ ထို့အတွက် လက်ရှိမှာ ကျွန်တော်တို့အားလုံး နိုင်ငံအခြေအနေကို သဘောပေါက်နားလည်ထားရန်နှင့် အခြေအနေမှန်ကို သုံးသပ်နိုင်စွမ်းရှိရန်၊ တပ်မတော်၏ တန်ဖိုးကို ပြည်တွင်း ပြည်ပ အခြေအနေများနှင့်ယှဉ်၍ ပိုမိုသိမြင်နားလည်ရန်သည် လိုအပ်ချက်တစ်ခုဖြစ်နေပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။
မိုးမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment