နေပြည်တော်၊ မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ယမန်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်အလားအလာရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိစိုက်ပျိုးနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ စပါးအပြီး နွေစပါး၊ ပဲအမျိုးမျိုးနှင့် နေကြာသီးနှံ စသည့် ဆီထွက်သီးနှံများ၊ အခြားအလား အလာရှိသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးမှသာ ပြည်နယ်အတွက် ဆန်၊ ဆီ၊ ပဲ ဖူလုံ ၍ ပြည်နယ်၏ သီးထပ်စွမ်းအားလည်း တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ရှေးရှုပြီး အဘက်ဘက်မှ အားပေးကူညီသွားမည်ဖြစ်သကဲ့သို့ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရန် တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ(၆)လတာ ငွေကြေးထောက်ပံ့ပေးနေမှုနှင့် ဟိုပုံးမြို့နယ်အတွက် မိလ္လာယာဉ်လိုအပ်မှုအခြေအနေများနှင့် ပညာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်နှင့် အခက်အခဲများကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်နှင့် ဆီဆိုင်မြို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့သည့်ဌာန ဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ဆောက်လုပ်မှု အခြေအနေများကိုလည်းကောင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြား၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment