တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများ အထွက်တိုးရေးပင်ဖြစ် နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများ အထွက်တိုးရေးပင်ဖြစ် နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိ


BG%2008

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး

သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ

တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်

သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်)

ချစ်ခင်လေးစား အားထားရပါသော တောင်သူလယ်သမား ဦးကြီးများ ခင်ဗျာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တောင်သူလယ်သမားဦးကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

တိုင်းရင်းသားပြည်သူတို့၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုများကို အထူးဂုဏ်ပြုပါကြောင်းနှင့် မိမိတို့နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ပိုမိုတိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြပြီး တောင်သူလယ်သမားဦးကြီးများ၏ စီးပွားဥစ္စာ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ရေး၊ MSME စက်မှုလုပ်ငန်းများကို အားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပတင်ပို့နိုင်ရေးစသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်ကို ချမှတ်ပြီး ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲ၍ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများ ရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း (၄) သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ သီးနှံများ ပိုမိုထွက်ရှိရေးနှင့် သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေများကို နှစ်သီးစိုက်၊ သုံးသီးစိုက် စသည့်သီးထပ်စိုက်ပျိုးနိုင်ရေး ဒေသအလိုက်၊ ရာသီအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်စေလျက်ရှိပါသည်။

လက်ရှိစိုက်ပျိုးနေသော စိုက်ပျိုးမြေများတွင် စိုက်ပျိုးသည့် သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား နှစ်ဆမှ သုံးဆအထိ ရရှိအောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်” ဟု ဆိုရမည်ဖြစ်ပါသည်။

တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကို လေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ တွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များ စိုက်ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ကုန်းမြင့်တောင်စောင်းဒေသများတွင် လှေကားထစ်စိုက်ပျိုးခြင်း၊ ကွန်တိုစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစသည့် စိုက်ပျိုးနည်းစနစ်များ သုံးကြရန် လိုအပ်ပါသည်။ ထို့အပြင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်း၊ နွားချေး၊ ကြက်ချေးများအပြင် EM ဘိုကာရှီ မြေဆွေးများ၊ ငါးအမိုင်နိုအက်ဆစ်များ အသုံးပြုခြင်း၊ ပိုက်ဆံလျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာများ စိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးသည်သာမက အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများ သုံးစွဲနိုင်ရေးအတွက်လည်း မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း၍ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်လည်း သွင်းအားစုကုမ္ပဏီများနှင့် ချိတ်ဆက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေ ဖြင့်လည်းဆည်မြောင်းစီမံကိန်းများကို အလေးထားရင်းနှီးမြှုပ်နှံပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေလှောင်တမံ (၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄)ခု၊ ကန် (၇၂)ခု၊ ရေတံခါး (၁၉၉)ခု၊ ရေတင်လုပ်ငန်း (၂၁၉) ခု စုစုပေါင်း (၈၈၀)ခုတို့အား ဆောင်ရွက်ထားရှိပြီး လက်ရှိတွင် စိုက်ပျိုးသီးနှံဧက (၃၁) သိန်းကျော်အား အကျိုးပြုလျက်ရှိပါသည်။ ထို့ပြင် စိုက်ပျိုးရေရရှိမှုခက်ခဲသည့် ဒေသများတွင် မြေအောက်ရေ အရင်းအမြစ်များကို အသုံးပြုရန်အတွက် စက်ရေတွင်း (၂၅၇၆၉)ခုကို တူးဖော်ထားရှိပေးထားပြီး မြေအောက်ရေလှောင်တမံများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယာယီချောင်းပိတ်တမံများတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေကြီးနစ်မြုပ်မှုနှင့် ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရေဘေးကာကွယ်ရေးတာများ၊ ရေငန်တားတာများ တည်ဆောက်ခြင်းနှင့် ချောင်းကော၊ မြောင်းကောများ၊ ချောင်းရိုးများနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးအသိပညာ ဖြန့်ဖြူးမှုကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သုတေသနတွေ့ရှိချက်များ၊ ခေတ်မီနည်းပညာများ၊ မျိုးကောင်း၊ မျိုးသန့်နှင့် နည်းစနစ်ကောင်းများကို တောင်သူကြီးများ ယုံကြည်လက်ခံကျင့်သုံးလာစေရန် စိုက်ပျိုးပညာပေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ “တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း” မှ ထုတ်လွှင့်ပေးခြင်း၊ မြဝတီရုပ်မြင်သံကြားမှ “စိုက်ပျိုးသုတ” အစီအစဉ်ဖြင့် ထုတ်လွှင့်ပေးခြင်း၊ မြန်မာ့အသံရေဒီယိုလိုင်းမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာအစီအစဉ်” ဖြင့် ထုတ်လွှင့်ပေးခြင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်ပေးခြင်းတို့အပြင် ဒို့ကျေးရွာဂျာနယ် ကဲ့သို့သော ဂျာနယ်များ၊ စာစောင်များဖြင့်လည်း အသိပညာဖြန့်ဝေလျက်ရှိပါသည်။ အင်တာနက်ကို အသုံးပြု၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် တောင်သူလယ်သမား ဦးကြီးများအနေဖြင့် မိမိတို့ သိလိုသည့် နည်းစနစ်များကို အလွယ်တကူ လေ့လာသိရှိနိုင်ပြီ ဖြစ်ပါသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာစသည့်သီးနှံများကို စီမံကိန်းလျာထားသည့်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးထားတိုက်တွန်းမှာကြားလိုပါသည်။

မိမိတို့နိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးမှုမှထွက်ရှိသော ဝါဂွမ်းကုန်ကြမ်းများသည် ပြည်တွင်းသုံးစွဲရန် လုံလောက်မှုရှိသော်လည်း ချည်များကို ပြည်ပမှတင်သွင်းနေရဆဲဖြစ်ပါသည်။ ပြည်ပမှ ချည်နှင့် ချည်ထွက်ပစ္စည်းများ၊ အဝတ်အထည်များ တင်သွင်းမှုလျှော့ချနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်ကို အရည်အသွေးမီ ထုတ်လုပ်ဖြည့်ဆည်းနိုင်ရန်အတွက် ဝါသီးနှံအထူးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပိဿာ(၇၀၀) ထွက်ရှိရေးနှင့် အရည်အသွေးကောင်းဝါနှင့်ဂွမ်းများ ရရှိရေးတို့ကို အဓိကရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထွက်ရှိလာသည့် အရည်အသွေးကောင်း ဝါနှင့် ဂွမ်းတို့ကို အသုံးပြုပြီး အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရန်အတွက် ဝါအခြေခံစက်မှုလုပ်ငန်းများဖြစ်သည့် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ MSME လုပ်ငန်းများ တိုးတက်စေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ပြည်တွင်းထွက် ဝါများဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ် အဝတ်အထည်များကို အလေးထားအသုံးပြုကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပုဂ္ဂလိကကဏ္ဍအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံ မျိုးစုံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စသည်တို့ကို ကုန်ချောပြုပြင် ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများနှင့် ကော်ဖီ၊ ရော်ဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်စသည်တို့ကို ကုန်ချောထုတ်လုပ်သည့် စက်မှုကုန်ကြမ်းသီးနှံလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်ပေးခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး သီးနှံများဈေးကွက်တွင် အဆင့်မီစွာ ထုတ်လုပ်ရောင်းချနိုင်၍ တောင်သူများဝင်ငွေတိုးကာ လူနေမှုဘဝ တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အထောက်အကူပြုရန် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (၁၅) ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် အလယ်အလတ်အဆင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်းများတွင် တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာသင်အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိတွင် စုစုပေါင်း (၈၅)ကျောင်းထိ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။


တောင်သူလယ်သမား ဦးကြီးများ ခင်ဗျာ

စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းများပါ ဆက်စပ်လုပ်ကိုင်လျက်ရှိသောကြောင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ကြရန် မှာကြားလိုပါသည်။ ပြည်သူများ အာဟာရပြည့်ဝစေရေးအတွက် အသားဓာတ်ရရှိနိုင်သည့် သား၊ ငါး၊ နို့၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများ ထုတ်လုပ်ရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါသည်။ နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် နို့စားနွား၊ အသားတိုးနွားများ တိုးချဲ့မွေးမြူခြင်း၊ ထုတ်လုပ်မှုမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ ပေါ်ထွန်းလာရေးဆောင်ရွက်ခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ပြီး နွား၊ ဝက်၊ ကြက်၊ ဘဲ၊ သိုး၊ ဆိတ်များ မွေးမြူထုတ်လုပ်ခြင်းနှင့် အရည်အသွေးပြည့်မီသည့် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာများ ထူထောင်ပြီး အောင်မြင်မှုရရှိရေးကိုလည်း မှာကြားလိုပါသည်။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ၍ ထုတ်လုပ်မှုကောင်းသည့် နွားမျိုးကောင်းမျိုးသန့်တိရစ္ဆာန်များကို တောင်သူများထံသို့ ဖြန့်ဖြူးခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မွေးမြူသူများ၏ အရင်းအနှီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေများ ထုတ်ပေးပံ့ပိုးလျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းဖြင့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်မွေးမြူရေး စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ သိုး၊ ဆိတ်မွေးမြူရေး စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ငါးကဏ္ဍအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငါး၊ ပုစွန် ဖမ်းဆီး၊ မွေးမြူခြင်းမှ မက်ထရစ်တန်ချိန် (၆၃၂၀၀၇၀) ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေထွက်ကုန်ပစ္စည်း (၃၂၂) မျိုးခန့်ပါဝင်သည့် မက်ထရစ်တန်ချိန် (၅၂၂၅၇၀)ကို ပြည်ပနိုင်ငံပေါင်း (၄၀) သို့ တင်ပို့နိုင်ခဲ့ပြီး အများစုမှာ ပြည်တွင်းငါးရိက္ခာ လိုအပ်ချက်ကို အဓိကဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နေပြည်သူများ၊ ငါးမွေးတောင်သူများအား ပုံမှန်ဝင်ငွေရရှိရေးအတွက် အခြေခံငါးမွေးမြူရေး နည်းပညာများ သိရှိနားလည်စေရန် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူနည်းပညာများအား သိရှိနားလည်ရန်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ မိသားစုတစ်ပိုင်တစ်နိုင်ကန်များတွင် ငါးမွေးမြူခြင်းနှင့် ကန်ပေါင်တွင် စိုက်ပျိုးခြင်း၊ မွေးမြူမည့် ငါး၊ ပုစွန်သားပေါက်များ ရောဂါကင်းရှင်းကျန်းမာစေရန် စစ်ဆေးပေးခြင်း၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးခြင်းနှင့် ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရန် ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် (Health Certificate) ထုတ်ပေးလျက်ရှိပါသည်။


တောင်သူလယ်သမား ဦးကြီးများ ခင်ဗျာ

နိုင်ငံတော်က တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကဏ္ဍပေါင်းစုံမှ တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာလုပ်ငန်းများအား ထိရောက်စွာအကျိုးပြုနိုင်မည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

နိဂုံးချုပ်အနေဖြင့် လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ကုန် ပစ္စည်းများကို ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် အရှိန်အဟုန်မပျက် ထုတ်လုပ်နိုင်သည်အထိ အမျိုးမျိုးသော အခက်အခဲများကြားမှ လုံ့လဝီရိယဖြင့် စွမ်းအားပြည့် ဆောင်ရွက်ပေးခဲ့ကြပါသော တောင်သူလယ်သမားဦးကြီးများကို အစဉ်အမြဲကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အဓိကကျသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားဦးကြီးများ၏ ကာယ၊ ဉာဏ၊ လုံ့လဝီရိယ၊ ခေတ်မီနည်းပညာ၊ မြေ၊ ရေ စသည့် အရင်းအမြစ်များ အားလုံးကိုပေါင်းစပ်၍ မျှော်မှန်းထားရှိသည့် ရလဒ်များရရှိနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages