မန္တလေး , မတ် ၂၆
၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၂၅ ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ရရှိတော်မူသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဋ္ဌပူဇာသဘင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ရွှေအင်းဝဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းက ရွှေအင်းဝဗိမာန်သို့ သွားရောက်ပြီး မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ဖူးမြော်၍ သာသာနာတော်ပြန့်ပွားရေးအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သြဝါဒများခံယူပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
၄င်းနောက် ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုပြီး ဆရာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြကြောင်းသိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment