တရားမဝင် ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်ဆင့်သော တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ဆုံးရှုံးနစ်နာမှု နည်းပါးမည်ဖြစ်ကြောင်း၊ အကျိုးရှိရှိ ပြန်လည်အသုံးပြုသင့်ကြောင်း လေ့လာသူတစ်ဦးက ပြောသည်။
တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအမှုတွဲများ အမြန်ဆုံး ပြီးပြတ်စေရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၂-၃-၂၀၂၅ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တရားရုံးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများ၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များက ဘဏ္ဍာသိမ်းယာဉ်များကို အဓိကသိမ်းဆည်းရရှိပါကြောင်း၊ သိမ်းဆည်းရရှိသည့် ဘဏ္ဍာသိမ်းယာဉ်၊ ယန္တရား၊ မော်တော်ဆိုင်ကယ်များကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံစေလျက် ရှိပါကြောင်း။ “လိုင်စင်မဲ့(ပိုင်ရှင်မဲ့) ယာဉ်များကို နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းမိန့်ချမှတ်ရာ၌ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ရရှိပါက သိမ်းဆည်းမိန့်ချမှတ်ဆောင်ရွက်သွားရန်နှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံဆောင်ရွက်သွားရန်” ညွှန်ကြားထားရှိပါကြောင်း၊ ဘဏ္ဍာသိမ်းယာဉ် သိမ်းဆည်းအပ်နှံမှုလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် သိမ်းဆည်းရမိမော်တော်ယာဉ်များ၊ ပစ္စည်းများ အမြန်ဆုံးစီမံဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း။ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တရားရုံးများက ရာဇဝတ်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုဖြစ်စေ၊ စစ်ဆေးစီရင်မှုဖြစ်စေ ဆောင်ရွက်ဆဲကာလတွင် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများ တန်ဖိုးဆုံးရှုံးမှုမရှိစေရေး စီမံထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုဗဟိုကော်မတီ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊ “တရားဝင်နှင့် တရားမဝင်ယာဉ်၊ ယန္တရားများ အမိန့်ရင်ဆိုင်ကာလအတွင်း မပျက်စီးစေရန် ထိန်းသိမ်းမှုအခွင့်အာဏာနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါကြောင်း။ လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြင့် ဆောလျင်စွာစီမံဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ရေးဆွဲထားသည့်လုပ်ငန်းစဉ် (SOPs) များနှင့်အညီ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် ဆောလျင်စွာသိမ်းဆည်းမိန့် ချမှတ်၍ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံစေရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်နှင့်“တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်စေရန်” ကိစ္စနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ္ဍာသိမ်းယာဉ်များ စစ်ဆေးလွှဲပြောင်းလက်ခံခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာသိမ်းယာဉ် သိမ်းဆည်းအပ်နှံခြင်း လုပ်ငန်းများထိရောက်မြန်ဆန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းမှုဗဟိုကော်မတီ၏ဆောင်ရွက်နေမှု၊ ဖမ်းဆီးရမိမော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအမှုတွဲများ အမြန်ဆုံးပြီးပြတ်ရေးဆောင်ရွက်နေသည့် အခြေအနေများ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဖမ်းဆီးရမိယာဉ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လေ့လာသူက "နိုင်ငံတော်အကြီးအကဲတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကတော့ အားနည်းချက်တွေကို မြင်တယ်။ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ကြဖို့ မှာတယ်ပေါ့ဗျာ။ အဆင့်ဆင့်သော တာဝန်ရှိသူများ က အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်သင့်တယ်လို့ မြင်တယ်။ ရန်ကုန်မြို့ပေါ်က တချို့သော တရားရုံး၊ ရဲစခန်းတွေမှာဆိုရင် ဖမ်းဆီးရမိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေ ပျက်စီးကုန်တာ နည်းတာမဟုတ်ဘူး။ တရားရုံး၊ ရဲစခန်းတွေ ဟာ သံရည်ကြိုစက်ရုံများလားလို့ ထင်ရတယ်။ ဒါတွေကို ကြည့်ပြီး သံဝေဂဖြစ်မိတယ်။ ဥပဒေအရ ခွင့်ပြုထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝယ်ယူတင်သွင်းခြင်းမရှိဘူး။ မှတ်ပုံတင်မထားဘူး။ လိုင်စင်မရှိဘူး။ ဒါတွေကို ဖမ်းဆီးပြီးရင်လည်း တစ်နည်းနည်းနဲ့ တရားဝင်အောင် ပြန်လည်စိစစ်ဆောင်ရွက်ပြီး အသုံးချရမယ်လေဗျာ။ အခုက သံချေးတက်၊ စက်တွေပျက်စီး နောက်ဆုံးတော့ အရည်ကြိုဈေးနဲ့ ရောင်းစားရတဲ့ အဖြစ်မျိုး ရောက်ကုန်တာပဲ။" ဟု သုံးသပ်ပြောဆိုသည်။
ပြန်လည်အသုံးချသင့်ပုံနှင့် ပတ်သက်၍ "နိုင်ငံတော်က ပြည်ပထွက်ငွေ ခြွေတာနေတဲ့ အချိန်ပေါ့ဗျာ။ ဒီ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ ဆိုတာက ပြည်ပကနေ တရားမဝင် တင်သွင်းခြင်းဖြစ်တဲ့အတွက် ငွေက ပြည်ပရောက်သွားပြီး ကိုယ့်ဆီမှာ ဒီပစ္စည်းရောက်လာပြီ။ တရားမဝင် တင်သွင်းသူကို အရေးယူတာက တစ်ပိုင်း။ ဒါကို ပျက်စီးအောင် ပစ်ထားလိုက်မယ်ဆိုရင် နှစ်ခါရှုံးတာပေါ့ဗျာ။ မိအေး နှစ်ခါနာပေါ့။ ဒါကြောင့် တစ်နည်းနည်းနဲ့ ပြန်ပြီး အသုံးပြုရမယ်။ ဒီနေ့ ဒီအချိန်မှာဆိုရင် ပိုပြီး အသုံးဝင်တယ်။ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ပေးလိုက်မယ်ဆိုရင် ဘယ်လောက် အကျိုးရှိမလဲဗျာ။ တရားမဝင် ဖမ်းဆီးရမိ ယန္တရားတွေနဲ့ ပတ်သက်လို့ တရားစီရင်ရာမှာ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်သကဲ့သို့ မှန်ကန် မြန်ဆန်စွာ စီရင်ဆုံးဖြတ်၊ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းပြီးရင် အထူးအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ သွားလာရေးခက်ခဲတဲ့ နေရာက ဝန်ထမ်းတွေကို ပံ့ပိုးပေးမယ်ဆိုရင် များစွာ အကျိုးရှိပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ တွေ့ဆုံစဉ်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လက်နက်ခဲယမ်းသယ်ဆောင်မှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်များစိစစ်ဖော်ထုတ်ရေး ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအပြီး နောက်ပိုင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှုများ မြင့်တက်လာသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နေထိုင်သူတစ်ဦးက "ဒီလုပ်ငန်းက အပြောလွယ်သလောက် အလုပ်ခက်လိမ့်မယ်လို့ မြင်ပါတယ်။ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်သွင်းနေတယ်။ အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်ပေးတယ်။ သူတို့ကိုကြတော့ မတားဆီးဘူး။ ပြည်သူတွေ လက်ထဲရောက်တော့မှ ဖမ်းဆီးတယ်ဆိုတော့ အသုံးပြုတဲ့ ပြည်သူများကို နစ်နာစေပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်မှာ သေချာတယ်ဆိုရင် ငြိမ်းချမ်းရေးအမည်ခံပြီး လိုင်စင်မဲ့ မော်တော်ယာဉ်များ တင်သွင်း ပို့ဆောင်ပေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မလုပ်ကြဖို့ တားပါ။ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။ ကားတစ်စီးတန်ဖိုးထက် အခွန်က အလွန်များနေတာလည်း အများပြည်သူ လိုင်စင်ကားစီးဖို့ရာမှာ အခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်မယ်ဆိုရင် ပြည်သူများလည်း နစ်နာမှုနည်းပါလိမ့်မယ်။" ဟု သုံးသပ်ပြောဆိုသည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment