နေပြည်တော်၊ မတ် ၂၂
ကမ္ဘာ့ရေနေ့ ၂၀၂၅ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ်ရာ အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ က Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရေသယံဇာတသည် မိမိတို့သက်ရှိအားလုံး၏ အရေးကြီးသည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အသက်မွေးဝမ်းကျောင်းနှင့် အသက်ရှင်နေထိုင်ရေးအတွက် အလွန်အရေးကြီးသည့် အခြေခံလိုအပ်ချက်တစ်ခု လည်းဖြစ်ကြောင်း၊ လုံခြုံဘေးကင်းသန့်ရှင်းသည့်ရေသည် မိမိတို့လူသားများ၏ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်း ကျိုးပြုကြောင်း၊ ထို့ကြောင့် လူတိုင်းလူတိုင်း ကျန်းမာသန်စွမ်းစေရေး သန့်ရှင်းဘေး ကင်းသည့် ရေရရှိရန် အစဉ်လိုအပ်လျက်ရှိကြောင်း။
ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကောင်းရေသန့်၏ အရေးကြီးပုံများကို အသိပညာ ပေးရန်၊ ရေအရင်းအမြစ်များကို ရေရှည်စနစ်တကျ အသုံးပြုနိုင်ရေး စီမံခန့်ခွဲမှုများကို အားပေးရန်၊ ကမ္ဘာ့လူဦးရေ၏ သိသာသည့်အချိုးနှင့် အရေအတွက်တစ်ခုသည် သန့်ရှင်းသောရေမရရှိသည့် ဒေသများတွင်နေထိုင်နေကြရပြီး၊ ရေအခက်အခဲများနှင့် ကြုံတွေ့နေရမှုများကို သတိပြုမိစေရန်၊ ရေအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်း နိုင်ရန် တို့အတွက် လိုအပ်ချက်များကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၀ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်အမှတ်(၆)ဖြစ်သည့် လူတိုင်းလုံခြုံဘေးကင်းသန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ (၂၂) ရက်ကို ကမ္ဘာ့ရေနေ့အဖြစ်သတ်မှတ်ပြီး၊ ၁၉၉၃ ခုနှစ်ကစ၍ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။
နှစ်စဉ်နှစ်တိုင်းတွင်လည်း အထူးပြုအသိပေးလိုသည့် ကမ္ဘာ့ရေနေ့ဆိုင်ရာအဓိက အကြောင်းအရာဆောင်ပုဒ်များကို သတ်မှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုနှစ်ကမ္ဘာ့ ရေနေ့ ၂၀၂၅ အတွက် အဓိက အကြောင်းအရာဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့” “The Glacier Preservation” ပင်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် ရေထုစုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဆားငန်ရေများ ဖြစ်ကြပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ကြောင်း၊ သို့သော်လည်း ယင်းရေချိုများ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းသည်လည်း ဝင်ရိုးစွန်းရေခဲမြစ်များနှင့် ရေခဲတောင်များအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များသည် ကမ္ဘာ့ရေချို အရင်းအမြစ်များအတွက် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေပြီး ကမ္ဘာ့ လူဦးရေသန်းပေါင်းများစွာအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် စွမ်းအင်ထုတ်လုပ် နိုင်ရန်အတွက် အဓိကကျနေသည့် အရင်းအမြစ် တစ်ခုဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင်ရှိသည့် ရေခဲမြစ်များ၏ (၉၁) ရာခိုင်နှုန်းသည် အန္တာတိကတိုက် တွင် တည်ရှိပြီး(၈) ရာခိုင်နှုန်းခန့်က ဂရင်းလန်းတွင် တည်ရှိနေကြောင်း၊ ကျန်ရှိသည့် (၁)ရာခိုင်နှုန်းခန့်မှာ ဟိမဝန္တာတောင်တန်း၊ အန်ဒီးစ်တောင်တန်းစသည့် ဒေသများတွင် တည်ရှိနေခြင်း ဖြစ်ကြောင်း။
လေ့လာထားသည့်စစ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရေခဲ မြစ်များသည်နှစ်စဉ် ရေခဲတန်ချိန် ၂၆၇ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ်သည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ ၂၁ ရာခိုင်နှုန်းကို ဖြစ်စေခဲ့သည်ဟုသိရကြောင်း။
ဟိမဝန္တာတောင်တန်းများတွင်ရှိသည့် ရေခဲမြစ်များသည် လွန်ခဲ့သည့်နှစ်(၄၀) အတွင်း အရည်ပျော်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ရေခဲ ပမာဏများစွာ လျော့နည်းလာခဲ့ကြောင်း၊ ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်မတိုင်မီက အပူချိန်ထက် (၂) ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဆိုပါက ၂၁၀၀ ပြည့်နှစ် မတိုင်မီ ကမ္ဘာ့ရေခဲမြစ်များ၏ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်များ က ခန့်မှန်းထားကြောင်း၊ ကုလသမဂ္ဂကလည်း ၂၀၂၅ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ၂၀၂၅ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို “ကမ္ဘာ့ရေခဲမြစ်များနေ့ (World Day for Glaciers)” အဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းသည် ရာသီဥတု၊ ဇလဗေဒလည်ပတ်မှု၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများတွင် ရေခဲမြစ် များ၏ အရေးပါသည့် အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက သတိပြုမိစေခဲ့ကြောင်း။
မိမိတို့ မြန်မာနိုင်ငံတွင် ရေခဲမြစ်အဖြစ်ဖော်ပြနိုင်ရန် အထင်အရှားမရှိသော်လည်း ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခနှင့် မလိခမြစ်တို့၏ အထက်ပိုင်းဒေသတွင်တည်ရှိ သည့် ခါကာဘိုရာဇီတောင်တန်းနှင့်တိဘက်ကုန်းပြင်မြင့်မှ စီးဆင်းလာသည့်ရေခဲမြစ် များသည် နွေရာသီတွင် စုစည်းဖြစ်ပေါ်သည့် ရေခဲမြစ်များဖြစ်ကြပြီး ဧရာဝတီမြစ်ရေ ကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်တင်းပေးလျက် ရှိကြောင်း။
ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာမှုသည် ရေခဲမြစ်များ၏ အရည် ပျော်မှုကို မြန်ဆန်စေပြီး ရေခဲမြစ်များ၏ထုထည်ကို လျော့နည်းစေကြောင်း၊ လေ့လာ တွေ့ရှိချက်များအရ ဟိမဝန္တာတောင်တန်းတွင်ရှိသည့် အခြားရေခဲမြစ်များထက် ဧရာဝတီမြစ်အထက်ပိုင်းရှိ ရေခဲမြစ်များသည် ထုထည်နှင့် ဧရိယာသေးငယ်မှုကြောင့် ပိုမိုမြန်ဆန်စွာ လျော့နည်းလျက်ရှိပြီး ၂၁၀၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၏ ပျမ်းမျှ အပူချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထား ကြကြောင်း၊ ယင်းအခြေအနေသည် ဧရာဝတီမြစ်အထက်ပိုင်းတွင်ရှိသည့် ရေခဲမြစ်များ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်းကို ညွှန်းဆိုနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနာဂတ် ရေချိုအရင်းအမြစ်များ တည်ရှိမှုကို ခြိမ်းခြောက်နေသည်ကို သတိပြုမိကြ ရန်ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ရေစီးကြောင်းအပေါ် ရေခဲမြစ်များ၏ သက်ရောက် မှုများကို တိတိကျကျလေ့လာနိုင်ရန် ရေဆိုင်ရာအချက်အလက်များ လိုအပ်နေဆဲဖြစ် ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုများအတွက် အရေးကြီးသည့်အချက် ဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွင်း ရေကြီးမှုဖြစ်စဉ်များအနေဖြင့် နေပြည်တော်ပြည်ထောင် စုနယ်မြေ၊ ကချင်ပြည်နယ် (မြစ်ကြီးနား)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည် ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း။
ရေစီမံအုပ်ချုပ်မှုအနေဖြင့် ကုလသမဂ္ဂကချမှတ်တိုက်တွန်းထားသည့် ရေဘက်စုံ စီမံခန့်ခွဲမှု (Integrated Water Resources Management - IWRM) ၏ အခြေခံမူ များကိုလိုက်နာပြီး ရေရှည်တည်တံ့သည့်ရေစီမံခန့်ခွဲမှုကို အလေးပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ရေဆိုင်ရာအခက်အခဲပြဿနာများ ဖြေရှင်းရန်နှင့် သဘာဝဘေး အန္တရာယ်များ လျော့ပါးသက်သာစေရန်၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရေအရင်းအမြစ် များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ပြီးနောက် “အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီ”ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် မိမိကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။
“အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ”အနေဖြင့် မြန်မာနိုင်ငံတွင် ရေ အရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ပြီး ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ရေဆိုင်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် အမျိုးသားအဆင့် ရေမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်မှု များကို ကြီးကြပ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း များဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ရေနေ့အခမ်းအနားများ ကျင်းပခြင်းနှင့် ရေဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက် လျက်ရှိကြောင်း။
ထို့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်ထဲသို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေ လမ်းကြောင်းအခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၇) ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းအဖွဲ့သည်လည်း လုပ်ငန်း တာဝန်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရေအား အရင်းအမြစ်စူးစမ်း လေ့လာရေးလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြလျက်ရှိကြောင်း၊ လက်ရှိအနေအထားတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် တို့သည် လူတို့၏ လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး ရေကြောင်း သွားလာရေးတွင် ကန့်သတ်ချက်များ များလာကြောင်း၊ ထို့ကြောင့် မြစ်ကြောင်းများ ထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေပြီး စောလျင်စွာ ဖြေရှင်းရန်လို ကြောင်း၊ အဓိကမြစ်များနှင့် ယင်းမြစ်များအတွင်းစီးဝင်သည့် မြစ်၊ ချောင်းများ ဘေး ဝဲယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို ဒေသဆိုင်ရာ အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်ရန်လိုကြောင်း၊ အဆိုပါမြစ်များသည် ကူးသန်းသွား လာမှုတွင် အဓိကျခြင်းကြောင့် ဆောလျင်စွာ သောင်တူးရှင်းလင်းနိုင်ရေး၊ ဟိမဝန္တာ တောင်မှ စီးဆင်းလာသည့် ရေချိုများကို စိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံး ချနိုင်ရေး၊ ရာသီမရွေး ရေကြောင်းသွားလာနိုင်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ မြစ်ဘေး ဝဲ ၊ ယာ နှင့် သက်ရောက်သည့် နေရာများစိမ်းလန်းစိုပြေလာစေရေး တို့ကို ဖြစ်ပေါ်လာစေရန် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံ(Low-Head Dam)များ ဖြစ်နိုင်သမျှ အမြန်ဆောင်ရွက်သွားရန်လိုကြောင်း။
အနာဂတ်ရေဖူလုံစေရေးအတွက် ရေစီမံအုပ်ချုပ်ရေးလုပ်ငန်းများသည် အလွန် အရေးကြီးကြောင်း၊ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများရရှိ စေရေး လူတိုင်းကို အသိပညာပေးခြင်းအပြင် နည်းပညာအသစ်များ တီထွင်ကြံဆခြင်း၊ ရေအသုံးပြုမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖော်ထုတ်ခြင်းစသည့် နည်းစနစ် အသစ်များကို ကျင့်သုံးသွားရမည် ဖြစ်ကြောင်း။
ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သည့် “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟူသည့်အတိုင်း မိမိတို့နိုင်ငံအတွင်း၌ ရေအရင်း အမြစ်များ ရေရှည်ပေါများကြွယ်ဝစေရန်နှင့် ရေနှင့်ဆိုင်သည့် သဘာဝဘေးဒဏ်များ လျော့ပါးစေရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်နေသည့် နည်းပညာများနှင့်ပြည်သူလူထု၏ပူးပေါင်းမှုကိုရယူပြီး ဆက်လက် ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိပိုင်ဆိုင်ထားသည့် ရေချိုအရင်း အမြစ်များကို အမြော်အမြင်ရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ တက္ကသိုလ်များ၊ သုတေသနစင်တာများကလည်း ရေကဏ္ဍကို မြှင့်တင်ပေးနိုင်ရေး လေ့လာမှုများ၊ အသိပညာပေးမှုများ ဆက်လက် ဆောင်ရွက်ပေးကြရန်၊ မိမိတို့နိုင်ငံ အနာဂတ်ရေဖူလုံစေရေး ရေကဏ္ဍကိုမြှင့်တင်ရန် ရေစီမံခန့်ခွဲမှုနည်းပညာများဖြင့် ကြိုး စား မြှင့်တင်ကြရန်၊ နိုင်ငံ၏ရေချိုအရင်းအမြစ်များကို အထောက်အပံ့ပေးနိုင်သည့် တည်ရှိပြီးရေခဲတောင်များ၊ ရေခဲမြစ်များရေရှည်တည်မြဲစေရေး မိမိတို့ တတ်နိုင်သည့် နေရာများမှ ပါဝင်ထိန်းသိမ်းဆောင်ရွက် ပေးကြရန်၊ မိမိတို့၏လက်ရှိနှင့် အနာဂတ် မျိုးဆက်သစ်များအတွက် နိုင်ငံ၏ရေအရင်းအမြစ်များကိုရေရှည်တည်တံ့ပြီးစနစ်တကျ၊ မျှမျှတတ အကျိုးရှိစွာ ရေရှည်အသုံးပြုသွားနိုင်ရေး ရေဆိုင်ရာ စီမံခန့်ခွဲမှု ကဏ္ဍများ တွင် မိမိတို့ ပြည်သူများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ်အလွတ်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနား တက် ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများအားပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment