အောင်မြေသာစံ၊ မတ် ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ အထက်တန်းကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းချီ၊ ပန်းပု ကျောင်းဆင်းလက်ရာမွန်ပန်းချီကားများနှင့် ပန်းပုရုပ်များကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင် အနုပညာနှင့်နည်းပညာကို ပေါင်းစပ်ဖန်တီးဆောင်ရွက် နေကြပြီဖြစ်သည့်အတွက် မြန်မာ့ရိုးရာကို အခြေခံသည့် အနုသုခုမပညာရပ်များကို ပိုင်နိုင်စွာ သင်ကြားတတ်မြောက်ထားကြရမည်ဖြစ်ပါကြောင်း၊ ခေတ်နှင့်လျော်ညီသည့် နည်းပညာပိုင်းဆိုင်ရာများကိုပါ ဆက်စပ်ပေါင်းစည်းဆောင်ရွက်နိုင်ကြရန်အတွက် အခြေခံပညာအထက်တန်း အဆင့်စာပေပညာရပ်များကို အားထုတ်ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ အနုပညာ၏ အရေးပါမှုကိုသိရှိကာ သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များကို အခြေခံပြီး အနုပညာအရည်အသွေးများကို ယခုထက်ပိုမိုတိုးတက်ပြောင်မြောက်လာအောင် တစ်စိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ပန်းချီ၊ ပန်းပုဌာနနှင့် ပန်တျာဌာနတို့မှ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား ထူးချွန်ဆုတံဆိပ် များ ချီးမြှင့်သည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ခေတ်ကာလအလျောက် တိုးတက်ပြောင်းလဲလာသည့် အနုသုခုမ ဆိုင်ရာ သဘောတရားများ၊ပုံသဏ္ဌာန်များ၊ နည်းပညာ အတတ်ပညာရပ်များနှင့် ပေါင်းစည်း ဖြည့်စွက်မှုများကို တစ်ဖက်က မျက်ခြည်မပြတ်အောင်လေ့လာနေကြရမည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ကျောင်းတော်ကြီးမှာ သင်ယူခဲ့ကြရသည့် မြန်မာ့ရိုးရာအမွေအနှစ် အနုသုခုမ ပညာရပ်များကို မှေးမှိန်တိမ်ကောပပျောက်သွားခြင်း မဖြစ်ရလေအောင် စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းသွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး နောက် ပန်တျာဌာနမှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးနှင့် ပန်းချီ၊ပန်းပုဌာနမှ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးတို့အား အောင်လက်မှတ်များချီးမြှင့်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်တျာဌာနမှ သင်တန်းဆင်းပဒေသာကပွဲ စွမ်းရည်ပြတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ဂုဏ်ပြုငွေများ ချီးမြှင့်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment