လွိုင်ကော်၊ မတ် ၂၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ စီစဉ်၍ ပြည်နယ်ခုတင် (၅၀၀) ဆံ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လိုက်ပါကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း ၊ Electrocardiogram (ECG) ဖြင့် Body Checked (ခန္ဓာကိုယ်စစ်ဆေးပေးခြင်း)၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ရာ အထွေထွေရောဂါကုလူနာ (၅၈) ဦး၊ မျက်စိဝေဒနာရှင် (၃၈) နှင့် အရိုးအကြောလူနာ (၁၄) ဦး စုစုပေါင်း (၁၁၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသို့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အောင်မျိုးသိန်းက လာရောက်ကြည့်ရှုရာ ပြည်နယ်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး လူမှုရေးဝန်ကြီးက လာရောက်ပြသသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ကိုဇင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment