ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့၏ လုပ်ငန်းအချိန်ဇယားမှာမပြီးဆုံးသေး။ ဒေသစံတော်ချိန်ညပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။
ဆွေးနွေးပွဲတွင် ရုရှား-မြန်မာ စီးပွားရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီး စသည့်သီးနှံများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့်အခြေအနေများ၊ စွန့်ပစ်အမှိုက်များ Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေး ကိစ္စရပ်များ၊ အာကာသနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို အကျယ်တဝင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုကို ပြသသောအားဖြင့် လက်ဆောင်ပစ္စည်းများ လဲလှယ်ပေးအပ်ခြင်းဖြင့် ဆွေးနွေးပွဲကို လှပစွာ အနားသတ်နိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် ဟိုတယ်အစည်းအဝေးခန်းမမှ Conference Hall သို့ ကူးသည်။ Conference Hall အတွင်းဝယ် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသား အရာရှိများ စုံညီစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည် မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင် အချိန်ကိုမရရအောင် ကြံဆထုတ်နုတ်၍ ပညာတော်သင်ကျောင်းသားများကို တွေ့ဆုံအားပေးခြင်းဖြစ်သည်။ အကြီးအကဲတစ်ယောက်၏ မိမိတပည့်သားမြေးများအပေါ်ထားရှိသည့် အကြားအလပ်မရှိသော ချစ်ခြင်းမေတ္တာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရေခြားမြေခြားသို့ ရောက်နေသည့်တိုင် ရနိုင်သမျှသော အချိန်ကလေးမှာပင် အပင်ပန်းခံ၍ ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြစ်သည်။ ထိုတပည့် သားမြေးတို့၏ တင်ပြချက်များကို အရေးတယူနားစွင့်၍ နွေးထွေးကြင်နာစွာ အားပေးစကားဆိုခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲက ပညာတော်သင်ကျောင်းသားများကို ပညာတော်သင်များ စေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သူများကို ရွေးချယ်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကား တတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားစွာဖြင့် ဆောင်ရွက်ပေးခဲ့မှုများကြောင့် နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကို တန်ဖိုးထားကြစေချင်ကြောင်း၊ နိုင်ငံအတွက် လိုအပ်ချက်များရှိခြင်းကြောင့် ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခံရသည့် ထူးချွန်သူများဖြစ်သည်နှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
မြန်မာနိုင်ငံသည် ပညာတတ်လူသားအရင်းအမြစ်များ ပေါ်ထွန်းရေးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝရန် အထူးလိုအပ်သည်။ သို့မှသာ အခြားသောနိုင်ငံများနှင့်အတူ ရင်ပေါင်တန်း၍ အောင်မြင်မှု လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မှာဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရက နိုင်ငံသားအားလုံး ပညာတတ်များဖြစ်စေရန်နှင့် ပညာရည်မြင့်မားစေရန် KG+9 အထိ ပညာသင်ကြားနိုင်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံသားတစ်ယောက်အဖို့ အထူးလိုက်နာရန် လိုအပ်သည်မှာ မိမိကိုယ်တိုင် မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်ပင်ဖြစ်သည်။ ပြည်ပတွင် ပညာသင်ယူနေသူများအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေတည်၍ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရည်မြော်တွေးကာ ပညာကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။
တွေ့ဆုံမှာကြားမှုအပြီးတွင် နိုင်ငံတော်အကြီးအကဲက ပညာတော်သင် ကျောင်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ နိုင်ငံတော်အကြီးအကဲသည် ပြည်ပရောက်ပညာတော်သင်များကို နာယကဂုဏ်ခြောက်ပါးလာ “ဒယာ”တည်းဟူသော သနားချစ်ခင်ကြင်နာခြင်းတို့ဖြင့် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို ဤသို့လျှင် ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးအပ်လေ့ရှိသည်။
မတ်လ ၅ ရက်နေ့သည်လည်း ခရီးစဉ် ဒုတိယနေ့နည်းတူ လုပ်ငန်းအချိန်ဇယားများနှင့် ပြည့်နှက်နေသည်။ ကနဦးအစီအစဉ်အနေဖြင့် ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးကြသည်။ နှစ်နိုင်ငံအကြားကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမှုနှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
နိုင်ငံတော်အကြီးအကဲဆိုသည်မှာနိုင်ငံ၏ အမိအဖပင်ဖြစ်သည်။ အမိအဖဟူသည် မိမိတို့၏ သားသမီးများအပေါ် နီးသည်ဝေးသည်မရှိ တူညီသောမေတ္တာဓာတ်ဖြင့် ဖေးမစောင့်ရှောက်ကြသည်သာဖြစ်သည်။ နိုင်ငံတော်အကြီးအကဲသည် မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှ ယင်းနေ့နံနက်ပိုင်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများကို သွားရောက်တွေ့ဆုံအားပေးသည်။
အကြီးအကဲမှာ ထိုနေ့နံနက်ပိုင်းမှာပင် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မြန်မာသံရုံးမှ Radisson Collection ဟိုတယ်သို့ ပြန်လည်ထွက်ခွာသည်။
နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားတွင် စီးပွားရေးကလည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ ရုရှား- မြန်မာစီးပွားရေးဖိုရမ်ကို မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Busi-ness Hall တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia- Myanmar Business Council တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
၎င်းစီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
သက်ဆိုင်ရာဝန်ကြီးများက အဖွင့်အမှာစကား အသီးသီးပြောကြားပြီးသည်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌက “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဆိုင်ရာအကျဉ်းချုပ်”ကို ရှင်းလင်းသည်။ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်များကလည်း ခေါင်းစဉ်များအလိုက် အကျဉ်းချုပ်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ရုရှား MIR Card များ လက်ခံသုံးစွဲနိုင်ရေး ဆောင်ရွက်မှုလုပ်ငန်းအခြေအနေများ Video Clip ကို ကြည့်ရှုကြပြီး ဖိုရမ်အား ခေတ္တရပ်နားလိုက်သည်။
နေ့လယ်ပိုင်းတွင် ဖိုရမ်အား ဆက်လက်ကျင်းပရာ နိုင်ငံတော်အကြီးအကဲက ဖြည့်စွက်အမှာစကားပြောကြားသည်။ အကြီးအကဲက ယခုလအတွင်း ပဉ္စမအကြိမ်မြောက် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ခြင်းတို့ဖြင့် အစပြုစကားဆိုသည်။
ယင်းအစည်းအဝေးများမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေးစောင့်ရှောက်မှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ခဲ့ပုံကို ဆက်စပ်ပြသည်။
အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းသစ်စတင်နိုင်ခြင်းမှာများစွာအရေးပါသည်။ တိုးတက်လာမည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို ပြည်တွင်းနှင့်ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး စင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာအတွက် တက်ရောက်လာသည့် ဧည့်သည်တော်များကို ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် စီးပွားရေးအမြင် ကျယ်ပြန့်နက်ရှိုင်းမှုနှင့် သိမ်မွေ့ညင်သာသော သံတမန်စွမ်းရည်ကို ပြသည်။
အကြီးအကဲ၏ ဆက်လက်ပြောကြားမှုတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့်နည်းပညာ လွှဲပြောင်းမှုအပိုင်းနှင့်စပ်လျဉ်း၍ အလေးထားပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအကြောင်းပါသည်။ စက်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများတွင် နည်းပညာအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအကြောင်း ပါသည်။ နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများ၊ သတင်းအချက်အလက် နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံကဏ္ဍ တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်သင့်သည်များ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍများအကြောင်းပါသည်။
၎င်းအပြင် ယခုဖိုရမ်သို့ တက်ရောက်လာသည့်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိတ်ခေါ်မှုပြုသည်။ လုပ်ဆောင်နိုင်သည့် စီးပွားရေးလုပ်ငန်းများမှာ အနည်းငယ်မျှသော အရေအတွက်မဟုတ် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် အခြားပြည်ပကုန်သွယ်ရေးအတွက် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသည်။ များပြားလှစွာသော စီးပွားရေးကဏ္ဍများနှင့် ပြည်ပကုန်သွယ်ရေးအတွက် ဆွေးနွေးပြောကြားမှုတွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုသည်။ အလားတူအာမခံချက်အဖြစ် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိသည်ဟု တည်ကြည်သောစကားကိုဆိုသည်။
ဖိုရမ်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှာ စီးပွားရေးနှင့်ဆက်စပ်သည့်ဝန်ကြီးဌာန တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် အကြီးအကဲ၏ ဆွေးနွေးမှုကို ပိုမိုစူးစိုက်ကြသည်။ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ရင်းနှီးမြှုပ်နှံပါက ဖြစ်ပေါ်တိုးတက်လာနိုင်မည့် အလားအလာများကို တွက်ဆကြသည်။ လိုအပ်လာမည့် စွမ်းအင်အရင်းအမြစ်အတွက်လည်း အခြေအနေကောင်းများကို အချိန်တိုအတွင်း ရရှိနိုင်မှုရှိနေသကဲ့သို့ အခြားကူးသန်းရောင်းဝယ်မှုအတွက်လည်း ပထဝီအနေအထားအရ ကောင်းမွန်လှသည်မို့ သူတို့ စိတ်ပါဝင်စားမှုပိုမိုနေသည်မှာ မဆန်းလှ။
ဈေးကွက်နှင့် ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲက အမြော်အမြင်ကြီးမားစွာ တွက်ချက်ပြသည်။
မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ နိုင်ငံများ၏ လူဦးရေမှာမူ နှစ်ဘီလီယံကျော် သုံးဘီလီယံနီးပါးခန့်ရှိပြီး အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ မြန်မာနိုင်ငံနှင့် ထိစပ်နေသည်။ ထိုမျှကြီးမားသော ဈေးကွက်ကြီးရှိနေသည့်အတွက် မြန်မာနိုင်ငံမှ သဘာဝထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ၍ နည်းပညာနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်း စသည်ဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို မုချအကျိုးရှိစေနိုင်မည်ဖြစ်သည်။
ရုရှားနှင့်မြန်မာနှစ်နိုင်ငံမှာ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။ ရုရှားနိုင်ငံ၏ ကြွယ်ဝမှုနှင့်နည်းပညာများကို အာရှဒေသတွင် လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုဆိုလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ ဖြည့်စွက်အမှာစကားပြောကြားမှု အပြီးတွင် ထွက်ပေါ်လာသည့် ဩဘာလက်ခုပ်သံများက မြန်မာနိုင်ငံအတွက် ရည်ရွယ်သည့် လက်ခုပ်သံများဟုထင်မိသည်။ ခေတ်မီတိုးတက်ခြင်းဟူသော အကျိုးတရားကို ရရှိစေမည့် အကြောင်းတရားကို ဆောင်ရွက်နိုင်ခဲ့မှုအတွက် ဩဘာသံများက နားဝင်ပီယံရှိလှသည်။
အပြန်အလှန်ဆွေးနွေးမှုများမှာ ချစ်ကြည်ရင်းနှီးခင်မင်မှုကို အခြေတည်သည်မို့ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုသလို ဆွေးနွေးကြသည်။ နိုင်ငံနှင့် ပြည်သူများအတွက်ဟု ကိုယ်စီရည်မှန်းထားသူများဖြစ်၍ ဆွေးနွေးမှုများမှာ အားပါအသက်ဝင်လှသည်။
မြန်မာနိုင်ငံရှိ ထားဝယ်အထူးစီးပွားရေးဇုန်မှာ မဟာဗျူဟာပင်လယ်ထွက်ပေါက်ဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းသစ် စတင်နိုင်ခြင်းမှာ ပြည်သူများအတွက် ဝမ်းသာဖွယ်သတင်းကောင်းပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲမှာ မိမိနိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံသယ်ပိုးရွက်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် ခဏတာမျှအနားရသော မွန်းလွဲအချိန်လေးမှာပင် အနားမယူနိုင်သေးဘဲ ဂါရဝပြုလာရောက်တွေ့ဆုံသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool အား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားသည့်အချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒူးမားလွှတ်တော်သို့ မြန်မာနိုင်ငံမှ လေ့လာရေးအဖွဲ့များစေလွှတ်၍ အတွေ့အကြုံများဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တစ်ဆက်တည်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV နှင့် အဖွဲ့ဝင်များက လာရောက်တွေ့ဆုံ၍ ဂါရဝပြုနှုတ်ဆက်ကြသည်။ ယင်းအဖွဲ့က ကာမီးကီယာပြည်နယ်ရှိ ဗုဒ္ဓဥယျာဉ်အတွင်း မြန်မာနိုင်ငံမှ စေတီတော် သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်အား လာရောက်တည်ထားကိုးကွယ်စေလိုမှု၊ မြန်မာနိုင်ငံမှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ကာမီးကီယာ ပြည်နယ်သို့ လာရောက်လေ့လာစေလိုမှုများကို ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ စိန့်ပီတာစဘတ်သို့ ဆက်လက်ခရီးနှင် ရန် ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်တွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြသည်။
စိန့်ပီတာစဘတ်မြို့၏ ရာသီဥတုမှာ အနည်းငယ်ပို၍ အေးမြသည်။ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မျှရှိသည်။ နိုင်ငံတော်အကြီးအကဲမှာ ခရီးပန်းဟန်မရှိ။ လန်းဆန်းတက်ကြွစွာပင် လာရောက်ကြိုဆိုသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်နေသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်(Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။
ဤသည်တို့မှာ အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ခြေလှမ်းညီညီ အားသစ်တည်၍ ရှေ့သို့လှမ်းချီလျက်ရှိသော သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများပင် ဖြစ်ပါသတည်း။ ။
ပြည်စိုးညိမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment