နေပြည်တော်၊ မတ် ၂၃
၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်၌ ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်း အမျိုးသမီး ၇ ဦးတို့နှင့်အတူ ရှိနေစဉ် Mask များတပ်ဆင်ထားသည့် အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ ၄ ဦးအနက် ၁ ဦးက သေနတ်အတို ၁ လက်အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်း မျိုးစုံ(၂၀) ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင် ထွက်ပြေးသွား ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှု များဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူ တရားခံများ သည် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းဖြစ်သူ စည်သူကျော်(၄၃)နှစ် အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
ယာဉ်မောင်းဖြစ်သူ စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူ တရားခံများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေ(၄၀၀၀)ကျပ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပတ္တမြားရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ် (ဘ)ဦးသိန်းထွန်း၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေ သက်ထူးဇင်(၂၀)နှစ် (ဘ)ဦးအောင်မျိုးဆက်၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ် (ဘ)ဦးကျော်သူရ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေ မင်းခန့်ကို(ခ)ဖိုးကာ(၁၉)နှစ် (ဘ)ဦးနိုင်ထူးတို့ ၄ ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်(၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရ မိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ လင်းသန့်အောင်ပါ ၄ ဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် မတ်လ ၂၀ ရက်နေ့တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍ အခြေအနေကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီးနောက် “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှု ကျူးလွန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် တရားခံ လင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် “တိတ်ရှိန်”ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သူများဖြစ်သည့် လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့ ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ၆ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment