ထရမ့်နှင့် ဇယ်လန်းစကီး အိမ်ဖြူတော်တွင် အပြင်းအထန် ငြင်းခုံမှု ဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ထရမ့်နှင့် ဇယ်လန်းစကီး အိမ်ဖြူတော်တွင် အပြင်းအထန် ငြင်းခုံမှု ဖြစ်ပွား

016

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ဖြူတော်သို့ ရောက်ရှိလာသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် မီဒီယာများအရှေ့တွင် အပြင်းအထန် ငြင်းခုံမှု ဖြစ်ပွားခဲ့ရာ ဇယ်လန်းစကီးက အိမ်ဖြူတော်မှ ဆောလျင်စွာ ထွက်ခွာခဲ့သည်။ 

နှစ်ဖက်၏ မူလအစီအစဉ်အရ တွေ့ဆုံမှုအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပပြီး အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ အဆိုပါနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပြီး သဘောတူစာချုပ် မချုပ်ဆိုရသေးကြောင်း သိရသည်။

အဆိုပါနေ့တွင် ထရမ့်နှင့် ဇယ်လန်းစကီးတို့ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း (The Oval Office) ၌ တွေ့ဆုံခဲ့ပြီး အမေရိကန် ဒုတိယ သမ္မတ JD Vance လည်း တက်ရောက်ခဲ့သည်။ ၎င်းတို့သုံးဦးသည် မီဒီယာများရှေ့တွင် အပြင်းအထန် ငြင်းခုံမှုဖြစ်ခဲ့ကြသည်။ ထရမ့်က ဇယ်လန်းစကီး၏ ရုရှား သမ္မတ ပူတင်အပေါ် အမုန်းတရားများကြောင့် အမေရိကန်အနေဖြင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို တွန်းအားပေးရန် အလွန်ခက်ခဲစေခဲ့ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် ရည်ရွယ်သော ထရမ့်၏ သံတမန်ရေး လှုပ်ရှားမှုကို Vance က ကာကွယ်ပြောကြားမှုအပြီး ဇယ်လန်းစကီးက ၎င်းအနေဖြင့် အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှား၏ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်း နယ်မြေများအပေါ် အဆက်မပြတ် “သိမ်းပိုက်မှု” များအား “မည်သူမျှ” မတားမြစ်ခဲ့သည့်အပေါ် အပြစ်တင်ခဲ့ပြီး “ဒါက ဘာသံတမန်လုပ်ရပ်လဲ” ဟု တုံ့ပြန်ခဲ့သည်။

ယင်းအပြီးတွင် Vance က ဘဲဥပုံရုံးခန်းတွင် မီဒီယာများရှေ့၌ ဇယ်လန်းစကီးက ဤကိစ္စများကို အငြင်းပွားနေခြင်းသည် အမေရိကန်အပေါ် “လေးစားမှု” မရှိကြောင်း၊ ၎င်းအနေဖြင့် ထရမ့်၏ ပဋိပက္ခ အဆုံးသတ်ရေးအပေါ် ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်သင့်ကြောင်း ပြောကြားခဲ့သည်။ ဇယ်လန်းစကီးကမူ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်စဉ်အတွင်း အမေရိကန် အပါအဝင် ဘက်အသီးသီး၏ လုပ်ရပ်များအားလုံးသည် ပြဿနာရှိကြောင်း၊ “ဒါပေမဲ့ သမုဒ္ဒရာခြားနေတော့ ခင်ဗျားတို့က အခု ပြဿနာကို ခံစားမိမှာမဟုတ်သေးပေမဲ့ နောင်ကျရင် ခံစားမိလိမ့်မယ်” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ထရမ့်က “ကျုပ်တို့ရဲ့ခံစားချက်အပေါ် အမိန့်ပေးဖို့ ခင်ဗျားမှာ အရည်အချင်းမရှိဘူး၊ ကျုပ်တို့က ကောင်းမွန်ပြီး အင်အားရှိတယ်လို့ ခံစားရလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းဘူး။ ခင်ဗျားကိုယ်ခင်ဗျား အရမ်းဆိုးတဲ့ အခြေအနေထဲ ရောက်စေတယ်… ခင်ဗျားမှာ ကစားဖို့ ကတ်တွေမရှိတော့ဘူး၊ အခု ကျုပ်တို့ ရှိလို့ ခင်ဗျားမှာ ကစားဖို့ ကတ်တွေ စရှိလာတာ။ ခင်ဗျားက သန်းနဲ့ချီတဲ့ လူတွေအသက်ကို ရင်းပြီး လောင်းကြေးထပ်နေတာ၊ တတိယကမ္ဘာစစ်ကြီးကို အလောင်းအစားလုပ်နေတာ။ ခင်ဗျားရဲ့ လုပ်ရပ်တွေက (အမေရိကန်အပေါ်) လေးစားမှု မရှိဘူး” ဟု ပြန်ချေပ ပြောဆိုခဲ့သည်။

ဇယ်လန်းစကီးက ထရမ့်၏ အထက်ပါ ပြောဆိုမှုများကို ပြန်လည်ချေပပြောဆိုရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ စကားသံ အားလုံးနီးပါးသည် ထရမ့်၏ ဖိနှိပ်ခြင်းခံခဲ့ရသည်။ ထရမ့်၏ ယူကရိန်းကို “ကယ်တင်ရန်” ကြိုးစားမှုအပေါ် ကျေးဇူးတင်ခြင်း မရှိသည့်အတွက် Vance က ဇယ်လန်းစကီးအား ထပ်မံ ပြစ်တင်ပြောဆိုခဲ့သည်။ ဇယ်လန်းစကီးက Vance အား ပြန်လည်ချေပပြောဆိုနေစဉ် ထရမ့်က ၎င်း၏စကားကို ကြားဖြတ်ကာ “ခင်ဗျားပြောတာ အလွန်များနေပြီ၊ ခင်ဗျားနိုင်ငံက ပြဿနာအကြီးကြီးတက်နေတယ်၊ ခင်ဗျား အောင်မြင်မှု မရနိုင်ဘူး၊ အဲဒီကနေ ရုန်းထွက်လာဖို့ အစက ခင်ဗျားမှာ အလွန်ကောင်းတဲ့ အခွင့်အရေးရှိတယ်” ဟု ပြောခဲ့သည်။

ထရမ့်က ငြင်းခုံမှုပြီးနောက် ဆိုရှယ်မီဒီယာတွင် ဇယ်လန်းစကီးက “အမေရိကန် ပါဝင်တဲ့ အခြေအနေအောက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး…ဇယ်လန်းစကီးက အမေရိကန်မြတ်နိုးတန်ဖိုးထားတဲ့ ဘဲဥပုံရုံးခန်းမှာ အမေရိကန်အပေါ် မလေးမစားလုပ်တယ်။ သူ့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ သူပြန်လာလို့ရတယ်” ဟု ရေးသားဖော်ပြခဲ့သည်။ အဆိုပါနေ့ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက် ဇယ်လန်းစကီးက အမေရိကန်၏ ယူကရိန်းအပေါ် ပံ့ပိုးပေးခဲ့သော ထရမ့်နှင့် အမေရိကန်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း၊ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက “ယူကရိန်းမှာ တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး လိုအပ်နေပြီး အဲဒီအတွက် ကျွန်တော် ကြိုးစားနေပါတယ်” ဟု ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ငြင်းခုံမှုဖြစ်ပွားပြီးနောက် ဇယ်လန်းစကီးနှင့် ၎င်းဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ဘဲဥပုံရုံးခန်းမှ ထွက်ခွာ၍ သီးသန့်အခန်းတစ်ခုသို့ သွားခဲ့ရာ ပြီးနောက်တွင် အမေရိကန်ဘက်က အိမ်ဖြူတော်မှ ထွက်ခွာရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် CBS ရုပ်သံလိုင်း သတင်းထောက်၏ ထုတ်ပြောပြောကြားချက်အရ သိရသည်။ “The New York Times” ၏ အိမ်ဖြူတော် ထိပ်တန်းသတင်းထောက် Baker က ယင်းမှာ ၁၉၉၆ ခုနှစ် ၎င်းအိမ်ဖြူတော်သတင်းဌာနသို့ ရောက်ရှိချိန်မှစ၍ ဤကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးမြင်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ငြင်းခုံမှု ဖြစ်ပွားခဲ့သော်လည်း ထရမ့်အနေဖြင့် ယူကရိန်းနှင့် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ထိုးမည့် ဖြစ်နိုင်ခြေကို ပယ်ချခဲ့ခြင်းမရှိသေးကြောင်း၊ သို့သော် ယင်းသည် ယူကရိန်းဘက်က “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုအတွက် အသင့်” ဖြစ်သည့်အချိန်ကို စောင့်ရမှာဖြစ်ကြောင်း၊ ဖျက်သိမ်းခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို အမေရိကန်မှ ဇယ်လန်းစကီး မထွက်ခွာမီ ရက်ရွှေ့ကျင်းပခြင်း ရှိနိုင်/ မရှိနိုင်မှာ “ယူကရိန်းအပေါ် မူတည်” ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ပြောကြားခဲ့သည်။ 


Ref - (Xinhua)

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages