ပုသိမ်၊ မတ် ၂၆
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းပိုင်းလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်- ရှောပြာ- ချောင်းသာလမ်း ပုသိမ်မြို့တွင်းလမ်းပိုင်းသည် ယခင်က ၂၄ ပေသာအကျယ်ရှိသည့်အတွက် ယာဉ်သွားလမ်းအကျယ် ၂၄ပေ၊ ဆိုင်ကယ်လမ်းတစ်ဖက် (၅) ပေစီနှင့် ၃၄ ပေချဲ့ပေးခဲ့ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် မြက်ခင်း၊ ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးထားရှိသည့် Greenzone အပါအဝင် (၅)ပေအကျယ် လူသွားလမ်း ပလက်ဖောင်းကို တည်ဆောက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပုသိမ်မြို့ သန့်ရှင်းသာယာလှပစေရေးကို အထောက်အကူပြုမည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ ဖြစ်စေမည်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် လမ်းများရေရှည်တည်တံ့စေရေး အတွက် ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လမ်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧကတွင်ပြုလုပ်သည့် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ကာ တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဆီထွက်သီးနှံ ဆောင်းနေကြာစံကွက် ရိတ်သိမ်းသည့်မြေသည်လယ်မြေဖြစ်ပြီး ပထမနှစ်တွင် တာဝန်ရှိသူများ၏ ကြိုးစားဆောင်ရွက်မှုကြောင့် နေကြာသီးနှံအားအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တောင်သူများကို အသိပညာပေး၍ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းများ တိုးတက်လာသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိ ရေးအတွက်အားလုံးက ပူးပေါင်းပါဝင်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်အစရှိသည်တို့ကို စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နှစ်အလိုက်ရည်မှန်းချက်များ ပေးထားပါကြောင်းနှင့် ပေးထားသည့် ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများရောက်ရှိရေးအတွက် ဝိုင်းဝန်းဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နေကြာစိုက်ပျိုးဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောင်းနေကြာ စံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ သာပေါင်းမြို့၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုးပိုင် လယ်မြေ (၂၀)ဧက ပေါ်တွင် စိုက်ပျိုးထားသော Supersun (41)မျိုး ဆောင်းနေကြာစံပြစိုက်ကွင်းတွင် (၀.၁၀)ဧကစံကွက် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် အစိုပျမ်းမျှ (၆၃)တင်းထွက်ရှိခဲ့ပြီး အဆိုပါအခမ်းအနားတွင် နေကြာသီးနှံစိုက်ပျိုး ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာကြသူများမှ ဆွေးနွေးပွဲဆက်လက် ပြုလုပ်ရာ တိုင်းမြေစာရင်း ဦးစီးမှူး၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူး၊ ဆီထွက်သီးနှံဇုန်(၁)တာဝန်ခံ၊ ဆီထွက်ဇုန်(၂) တာဝန်ခံတို့ကဆွေးနွေးပြောကြားခြင်း၊ တောင်သူတို့က နေကြာသီးနှံစိုက်ပျိုးခဲ့မှု အတွေ့အကြုံပြောကြားခြင်း၊ နေကြာသီးနှံအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဆောင်ရွက်နိုင်မှုများ၊ ပျားပုံးထားရှိမှု အကျိုးကျေးဇူးများနှင့် အင်းဆက်ပိုးမွှားကြောင့် အထွက်နှုန်းကျမှု၊ မြေနုကျွန်းတွင် ဖြစ်ထွန်းခြင်း၊ ကုန်ကျမှုနှင့် အမြတ်အစွန်း ကွာဟမှုရှိခြင်းနှင့် နေကြာအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုင်အတွင်းရှိ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာ ပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် တတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ်အတွက် အလှူငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက လှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment