ပုသိမ် မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတွင် သဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲအား ယမန်နေ့နံနက်ပိုင်းက တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူဒါယိကာ၊ ဒါယိကာမများ တက်ရောက်ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် အကြည်ညိုခံဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ကာ ဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဩသဓ၏ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည့် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ “ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး(၂၁)ပါး၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင် သံဃာ(၂)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ အဘိဓဇမဟာရဋ္ဌဂုရု(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတ(၂)ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (၂)ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက(၃)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(၆)ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ(၁)ပါး စုစုပေါင်း(၁၅)ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ “ဂုဏဝိသိဋ္ဌပူဇာ” မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အမြင့်ဆုံးအဆင့်ရရှိသော ဆရာတော်ကြီးများ ပါဝင်ပါကြောင်း၊ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပပြီးစီးပါက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ပွဲတွင် ကြည်ညိုခံဆရာတော်ကြီးများ ပင့်ဖိတ်ဆောင်ရွက်မှု၊ ဧည့်ပရိသတ်များ ဖိတ်ကြားနေရာချထားမှုနှင့် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း၊ အခမ်းအနားကျင်းပပြီးစီးပါက ဘွဲ့ခံဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်မည်ဖြစ်ပြီး ဘုရားဖူးပို့ဆောင်ရာတွင် ဆရာတော်ကြီးများ လမ်းခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေး၊ စေတီသမိုင်းကြောင်းများ ရှင်းလင်းတင်ပြပေးနိုင်ရေးနှင့် စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။
ဆက်လက်၍ သံဃာတော်များပင့်ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရေး၊ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းများအား လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကျော်ဟိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment