ဗိုလ်တထောင်၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်အား ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ အားပေးကြည့်ရှုရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ အမျိုးသားစီမံခန့်ခွဲမှုကညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်နှင့် ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာစစ်ဌာနတွင် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်စာစစ်ဌာနဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲကျင်းပစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ (၄၉၁) ဦး စာရင်းပေးသွင်းထားပြီး (တတိယနေ့) သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၄၆၂) ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၁) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် သက်ဆိုင်ရာ လုံခြံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment