ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

058

ရန်ကုန်၊ မတ် ၈

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံနှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဆေးရုံ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နှစ်ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပြည်သူ့ဆေးရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကာ နှစ်ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရန် အခြေခံလိုအပ်သည့် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

“ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိသည့် ဆေးရုံများအားလုံး၌ ဆရာဝန်များ တာဝန်ချထားပေးပြီး ဆေးရုံလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက်လည်း ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ပြီးခဲ့သည့် လေးနှစ်အတွင်း ဆေးရုံအဆောက်အအုံသစ်များ အများအပြားဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် နှစ်ထပ်ကုသဆောင်သစ်ကို ၂၀၂၄ ခုနှစ် မေလမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ယူဆောက်လုပ်ခဲ့ကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်နှင့်အညီ ခွဲစိတ်ခန်းနှင့် မွေးခန်း ပါ RC နှစ်ထပ်အဆောက်အအုံဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ဆေးရုံဥပဓိရုပ်ကောင်းမွန်စွာဖြင့် ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံဖြစ်စေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ဒေသခံများ၏ ပညာရေး၊ လူမှုရေးလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် အဆောက်အအုံဖြစ်မြောက်စေရေး ကူညီပံ့ပိုးသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆေးရုံနှစ်ထပ်ကုသဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးကိုကိုအေးက ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိမ်းတို့က နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ဧည့်သည်တော်များ အားပေးအပ်ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကားပြောကြားသည်။

တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံကို ၁၉၇၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ ယခုဖွင့်လှစ်သည့် အဆောက်အအုံ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၂၄၇ သန်းဖြစ်ကြောင်း၊ မြေညီထပ်၌ လူနာခန်းသုံးခန်း၊ မွေးခုတင်နှစ်ခုပါ သားဖွားခန်းအပါအဝင် မွေးလူနာများအတွက် အခန်းသုံးခန်း၊ မွေးကင်းစကလေးလူနာခန်းတစ်ခန်း၊ လူနာများအတွက် ရေချိုးခန်းနှင့်အိမ်သာများ၊ ဆေးပေးခန်း၊ ဆရာဝန်များ နားနေခန်း၊ သူနာပြုများ နားနေခန်းတို့ပါဝင်ပြီး အပေါ်ထပ်တွင် ခွဲစိတ်ခန်းနှစ်ခန်း၊ ဆရာဝန်၊ သူနာပြုနားနေခန်းတစ်ခန်း၊ လူနာစောင့်နားနေခန်းတစ်ခန်းနှင့် ခုတင်လေးလုံးပါဝင်သည့် လူနာစောင့်ကြပ်ကြည့်ရှုခန်းတစ်ခန်းတို့ ပါဝင်ဖွဲ့စည်းဆောက်လုပ်ထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages